စစ်ကောင်စီအတွက် လူ့အခွင့်အရေးချိုးဖောက်မှုကို ဆက်လက်ကျူးလွန်စေသည့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ (MOGE)မှ ဝင်ငွေများနှင့် ၎င်းတို့ကို ဘဏ်ငွေများ လွဲပြောင်းမှုများကို ပိတ်ဆို့းအရေးယူ ရပ်တန့်စေရန် အရပ်အဖွဲ့ပေါင်း ၆၀၀ကျော်နှင့် မြန်မာပြည်သူ ၂၂၀၀၀၀ကျော် ပါဝင်လက်မှတ်ရေးထိုးထားသည့် အိတ်ဖွင့်ပေးစာကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်အစိုးရထံသို့ မေလ ၄ရက်၊ နေ့စွဲဖြင့် ပေးပို့တောင်းဆိုလိုက်သည်။
စစ်တပ်အနေဖြင့် အာဏာသိမ်းထားသည့် ကာလ တစ်လျှောက်လုံးတွင် နိုင်ငံစုံမှ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကုမ္ပဏီ များသည် တရားဝင် မြန်မာအစိုးရ ပိုင်ဆိုင်သည့် ကမ်းလွန် ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းများမှ ဝင်ငွေများကို စစ် အုပ်စုလက်ထဲသို့ ရောက်အောင် ကူညီပေးနေကြကြောင်းနှင့် MOGE မှတဆင့် ပေးချေနေသည့်အပေါ် ရပ်တန့်ပေးရန် နှင့် အရေးယူဆောင်ရွက်ပေးရန် ဘိုင်ဒန်အစိုးရကို တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
ကန်သမ္မတ ဂျိုးဘိုင်ဒန် အစိုးရကို အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုရာတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အရပ်ဖက်အဖွဲ့ အစည်းပေါင်း (၆၂၆)ဖွဲ့အပြင် မြန်မာပြည်သူလူထု (၂၂၀,၀၀၀)ကျော် စုပေါင်းပါဝင်ပြီး ဘိုင်ဒန်အစိုးရအနေဖြင့် လုပ် ဆောင်ပေးရမည့် အချက် (၃)ချက်ကိုပါ တိုက်တွန်းထားသည်။
ပထမအချက်တွင် ဘိုင်ဒင်အစိုးရအနေဖြင့် စစ်အုပ်စုထံသို့ ရေနံနှင့် သဘာဝဓါတ်ငွေ့မှတဆင့် ရရှိသည့်ငွေကြေးများ မရောက်ရှိစေရန် အရေးယူ ပိတ်ဆို့ပေးရန်၊ တရားဝင် အသိအမှတ်ပြုခံထားရသည့် အစိုးရထံသို့ ငွေကြေးများကို သီး ခြားသတ်မှတ်ထားသော ဘဏ်စာရင်းများတွင် ပြောင်းလဲထိန်းသိမ်းနိုင်ရေးအတွက် အမေရိကန်၊ ထိုင်းနှင့် တောင်ကိုရီး ယားရှိ မဟာမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်။
၎င်းနောက် စစ်အုပ်စုထံသို့ ရေနံနှင့် သဘာဝဓါတ်ငွေ့ငွေကြေးများ လွှဲပေးနေသည့် ရေနံကုမ္ပဏီများနှင့် ဘဏ်များကို ငွေကြေးခဝါချခြင်းအဖြစ် သတ်မှတ်ရန်ရှိသည်များကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး လိုက်နာခြင်း မရှိသူများကို နောက်ဆက်တွဲ အကျိုးဆက် သက်ရောက်မှုများရှိစေရန် ဆောင်ရွက်ပေးရန်နှင့် ဆယ်စုနှစ်ပေါင်းများစွာ ရေနံနှင့် သဘာဝဓါတ်ငွေ့ဝင်ငွေများကို ခဝါချခဲ့ပြီး အစိုးရဘဏ်စာရင်းများလည်း စစ်အုပ်စုလက်အောက်သို့ ရောက်နေပြီးဖြစ် သော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)ကို စီးပွားရေးအရ ပိတ်ဆို့အရေးယူရန်ကိုပါ တိုက်တွန်းထားကြသည်။
သို့သော် မြန်မာပြည်သူနှစ်သိန်းကျော်၏ အသံကို သမ္မတဘိုင်ဒန်အစိုးအနေဖြင့် ဦးစားပေးခြေလှမ်းတစ်ရပ်အဖြစ် နား ဆင်ပေးရန်နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကို ပိတ်ဆို့အရေးယူပေးရန် သမ္မတဘိုင်ဒန်၏ အမေ ရိကန်အစိုးရအနေဖြင့် အာဆီယံ၏ ဦးဆောင်မှုကို မှီတည်မနေဘဲ ဆက်လက် ဆောင်ရွက်ရမည်ဟု အဆိုပါအိတ်ဖွင့် ပေးစာတွင် ရေးသားဖော်ပြထားသည်။
စစ်တပ်အနေဖြင့် အာဏာသိမ်းပြီးချိန်မှစ၍ MOGE ကို အလုံးစုံ ထိန်းချုပ်လိုက်ပြီး ၎င်းမှရရှိသည့်ဝင်ငွေ ၁.၅ ဘီလီယံ ကို သိမ်းဆည်းလိုက်ပြီး ၎င်းငွေကြေးဆက်လက်ရရှိနေခြင်းသည် ၎င်းတို့၏ ရက်စက်ယုတ်မာမှုများကို ဆက်လက်လုပ် ဆောင်စေနိုင်ပြီး အာဏာသိမ်းမှု အဆုံးမသတ်စေချင်စိတ်ကိုလည်း ဖြစ်ပေါ်စေကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြ ထားသည်။
ထို့အပြင် ၎င်းပေးစာထဲတွင် အမေရိကန်ပြည်ထောင်စုသည်လည်းကောင်း၊ အာဆီယံအစိုးရများသည်လည်းကောင်း၊ ကုလသမဂ္ဂသည်လည်းကောင်း မြန်မာစစ်တပ်ကို တရားဝင် အသိအမှတ်ပြုထားခြင်း မရှိပါ။ စစ်အုပ်စုက လိုလားသည့် နိုင်ငံတကာ အသိအမှတ်ပြုမှုကို ငြင်းဆန်ထားသည့်အတွက် လက်ရှိ သံတမန်နည်း ကြိုးပမ်းမှုများကို နှစ်ထောင်းအားရ ဖြစ်မိကြောင်း၊ အမေရိကန်အစိုးရအနေဖြင့် စီးပွားရေးကဏ္ဍ ဆောင်ရွက်ချက်များကို သံတမန်ရေးအရ ကြိုးပမ်းမှုများ နှင့်ပူးပေါင်းကာ စစ်အုပ်စုထံသို့ ဘဏ်ငွေများစီးဆင်းနေခြင်းရပ်တန့်အောင် အားပြည့်အင်ပြည့် ဆောင်ရွက်ပေးပါရန် တောင်းဆိုထားသည်။
လာမည့် မေလ (၁၂)ရက်မှ (၁၃)ရက်နေ့အထိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် အာဆီယံခေါင်းဆောင်များ ဝါရှင်တန် ဒီစီတွင် တွေ့ဆုံသွားရန်ရှိပြီး မြန်မာပြည်၏ လူ့အခွင့်အရေးအခြေအနေများနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အ တည်းများအတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအိတ်ဖွင့်ပေးစာတွင် ပါဝင်သော အဖွဲ့အစည်းများအနက် မြန်မာပြည်တွင်းရှိ အဖွဲ့ပေါင်း (၂၁၉)ဖွဲ့ကလည်း သဘော တူလက်မှတ်ရေးထိုး ထောက်ခံခဲ့ကြသည်ဟုလည်း ထည့်သွင်းရေးသားထားသည်။







