အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ချက်သည် အတုအယောက် ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုဖြစ်ပြီး ၎င်း တို့လတ်တလောကြုံတွေ့နေရသည့် နိုင်ငံရေး၊ စစ်ရေးနှင့် အဘက်ဘက် အကြပ်အတည်းများကို ယာယီဖြေရှင်းလိုခြင်း သာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)က မေ ၇ ရက်နေ့ က သဘောထား ထုတ်ပြန် ပြောဆိုလိုက်သည်။
စစ်တပ် ကိုယ်တိုင် စိတ်ကြိုက်ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည် အသက်သွင်းမည့် စစ်အုပ်စု ၏ အတုအယောင် ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်သည် တရားဝင်မှု မရှိသလို ၎င်းတို့၏ အကြပ်အတည်း ဆိုက်ရောက်မှု များကို ယာယီဖြေရှင်းလိုခြင်းသာဖြစ်ကြောင်း NUCC က ယခုလို ဆိုသည်။
“နိုင်ငံရေး၊စစ်ရေး အပါအဝင် အဘက်ဘက်က အကြပ်အတည်းဆိုက်ပြီး ဆက်လက်ရပ်တည်နိုင်ရန် ခက်ခဲလာနေသော စစ်အုပ်စု၏ ငြိမ်းချမ်းရေး အကြောင်းပြ ဆွေးနွေးပွဲ ဖိတ်ခေါ်ချက်သာဖြစ်ပြီး အတုအယောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များဖြင့် ၎င်းတို့ကြုံတွေ့နေရသည် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးနှင့် စီးပွားရေး အခက်အခဲများကို ယာယီဖြေရှင်းရန် ကြိုးစားမှုသာဖြစ်သည်။”ဟု ဆိုသည်။
ထို့အပြင် စစ်အုပ်စုအနေဖြင့် တိုင်းရင်းသား ပြည်သူလူထုအား ခေတ်အဆက်ဆက် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ယခင် ကာလ ၂၀၁၀ပြည့်နှစ်မှ ၂၀၂၀ပြည့်နှစ်အတွင်း ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများကိုလည်း မအောင် မြင်စေရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံဘောင်အတွင်း မကျော်စေရန် နည်းမျိုးစုံ ဟန့်တားပိတ်ဆို့ခဲ့ကြောင်းလည်း NUCC က မေ ၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့ဝင်များမှလွဲ၍ ယခင် NCA အပစ်အရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အပစ်မရပ်ရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး အပစ် ရပ်အဖွဲ့အစည်းများတွင် ကရင်အမျိုးသားအစည်းအရုံး-KNU၊ ချင်းအမျိုးသားတပ်ဦး-CNF နှင့် အပစ်ရပ် မလုပ်ထား သည့် ကရင်နီးအမျိုးသားတိုးတက်ရေးပါတီ-KNPP၊ ကချင်အမျိုးသားလွတ်မြောက်တပ်မတော်-KIA စသည့်အဖွဲ့အ စည်းအသီးသီးမှ စစ်အုပ်စု၏ ဖိတ်ခေါ်မှုအပေါ် ငြင်းဆန်ထားသည်။
သို့သော် NCA အပစ်ရပ်အဖွဲ့အစည်း ၁၀ဖွဲ့တွင် KNU၊ CNF နှင့် RCSS မှလွဲ၍ ကျန်လက်နက်ကိုင် ၇ဖွဲ့ဖြစ်သည့် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ ဒီမိုကရေစီ အကျိုးပြုကရင်အမျိုးသားတပ်မ တော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)-KNU/KNLA-PC၊ ဗမာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်ကျောင်းသားတပ်ဦး(ABSDF)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် ရခိုင်လွတ်မြောက်ရေးပါတီ(ALP) စသည့်အဖွဲ့အစည်းများ တက်ရောက်မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများက တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
လက်ရှိတွင်လည်း စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအပေါ် NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)အနေဖြင့် မေလ ၆ရက်မှ မေလ ၇ရက်နေ့အထိ အထူး အစည်းအဝေးပွဲ ခေါ်ယူကျင်းပနေကြောင်း သိရသည်။
စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအပေါ် NUCC အနေဖြင့် ရှုတ်ချကြောင်း၊ ၎င်းဖိတ်ခေါ်မှုအပေါ် ငြင်းပယ်ခဲ့ကြ သည့် EAOs အဖွဲ့အစည်းများကိုလည်း လေးစားအသိအမှတ်ပြုကြောင်းနှင့် နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့ခုခံတော်လှန်ရေး အင်အားစုအဖွဲ့အစည်းများ အားလုံးအနေဖြင့် ပြည်သူလူထု နှင့် တစ်သားတည်း ရပ်တည်၍ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် အားလုံး ချုပ်ငြိမ်းရေးအတွက် ဆက် လက်ပြီး ကျရာကဏ္ဍများတွင် ပါဝင်သွားကြရန်လည်း NUCC က တိုက်တွန်းထားသည်။
ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ မတ် ၈ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် NUCC တွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖြင့် ဖွဲ့စည်း ထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)၊ နိုင်ငံရေးပါတီ၊ ပြည်နယ်/လူမျိုးစုကို အခြေခံ၍ ဖေဖော်ဝါရီ ၁ နောက်ပိုင်း ဖွဲ့ထားသည့် အတိုင်ပင်ခံကောင်စီ များ၊ အာဏာသိမ်းမှုဆန့်ကျင်ရေး အင်အားစုများဖြစ်သည့် သပိတ်ကော်မတီ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများ စသဖြင့် စုစုပေါင်း ၂၈ဖွဲ့ ပါဝင်သည်။







