အာဏာသိမ်းစစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်အပေါ် PPST အထူးအစည်းအဝေးပြုလုပ်

အာဏာသိမ်းစစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်အပေါ် PPST အထူးအစည်းအဝေးပြုလုပ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်အပေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်-NCA စာချုပ်လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)အနေဖြင့် ယနေ့ မေလ ၆ ရက်နေ့မှစ၍ အထူးအစည်းအဝေးပွဲ ခေါ်ယူကျင်းပနေကြောင်း သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီဥက္ကဌ၏ ဖိတ်ခေါ်မှုအပေါ် PPST အဖွဲ့ဝင်များ၊ PPST ပူးပေါင်းအဖွဲ့အစည်းများတို့အကြား အမြင်သဘောထားများ ဖလှယ်ပြီး သဘောထားများကို စုစည်းကာ လိုအပ်သည့် ပြင်ဆင်မှုများ ချမှတ်နိုင်ရန်နှင့် စုပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် ရည်ရွယ်ခေါ်ယူခြင်းဖြစ်ကြောင်း အစည်းအဝေး၏ အဖွင့်မိန့် ခွန်းတွင် PPST အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောဆိုခဲ့သည်။

“ဒီဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီး Stakeholder များအကြား မတူကွဲပြားတဲ့ အမြင်သဘောထားတွေရှိနေတာကို အားလုံး ကြားသိရပြီးဖြစ်ပါလိမ့်မယ်။ ဒီအတွက် PPST အနေနဲ့ ဒီဖိတ်ခေါ်မှုကို ချဉ်းကပ်တဲ့အခါမှာ ပြီးခဲ့တဲ့ Summit က ချမှတ်ပေးလိုက်တဲ့ NCA အနစ်သာရမူ ၃ ချက်၊ နိုင်ငံရေး ရည်မှန်းချက်(၇)ချက် နဲ့ နိုင်ငံရေး လမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက် ၈ ဆင့်တို့အပေါ် အခြေခံပြီး ဆောင်ရွက်သွားရမှာဖြစ်ပါတယ်”ဟု အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောဆိုသည်။

သို့သော် ၎င်းနိုင်ငံရေး လမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက် ၈ ဆင့်ကို ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းက ပြုလုပ်ပြီးစီးခဲ့သည့် ၎င်းတို့၏ ထိပ်သီးညီလာခံအပြီးတွင် ချမှတ်ခဲ့သော်လည်း မည်သည့် အချက်များ ပါဝင်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသည်ကို တွေ့ရသည်။

၎င်းတို့၏ ရပ်တည်ချက် ၇ ရပ်အနေဖြင့် ဖမ်းဆီးထိန်းသိမ်းသူများအားလုံးကို အမြန်ဆုံးလွှတ်ပေးပြီး ဆွေးနွေးဖြေရှင်းရန်၊ အနာဂတ် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အားလုံးပါဝင်ပြီး နိုင်ငံတကာ၏ အကူအညီဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသွားရန်၊ တိုင်ပြည်အာဏာကို အရပ်သားအုပ်ချုပ်မှုနှင့် ဒီမိုကရေစီ ဘောင်အတွင်း အမြန်ဆုံးလွှဲပြောင်းရေး ဝိုင်းဝန်းအဖြေရှာရန်၊ တိုင်းပြည်၏ အခြေခံအဆောက်အအုံများ ပြုပြင်ပြောင်းလဲ သွားရန်၊ လူထုကိုအကာအကွယ်ပေးသည့် လုံခြုံရေးစနစ်တည်ဆောက်ရေး၊ ပြည်သူလူထုများ၏ ဆုံးရှုံးနစ်နာမှုများအတွက် ဘဝပြန်လည်ထူထောင်ရေး နှင့် ကုစားရေးဆောင်ရွက်သွားရန်နှင့် ရေရှည် ငြိမ်းချမ်းရေးကို ဦးတည်စေသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး စသည့်အချက်များ ပါဝင်သည်။

လက်ရှိ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအပေါ် သွားရောက် ဆွေးနွေး ခြင်း ပြု၊မပြုကို PPST အနေဖြင့် ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးသော်လည်း ၎င်းတို့ အပစ်ရပ် ၁၀ဖွဲ့ထဲမှ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ-RCSS၊ ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် ချင်းအမျိုးသားတပ်ဦး-CNF တို့ကလွဲ၍ ကျန် တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့ တက်ရောက်မည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

သို့သော် လတ်တလော ရင်ဆိုင်နေရသည့် နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းရာတွင် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးမူကို PPST အနေဖြင့် ခိုင်ခိုင်မာမာ ရပ်တည်ထားကြောင်း နှင့် ဆွေးနွေးညှိနှိုင်းမှုများတွင်လည်း သက်ဆိုင်သူအားလုံး ပါဝင်ရမှာဖြစ်ပြီး ပဋိပက္ခဖြေလျှော့ရေးနှင့် အတိဒုက္ခရောက်နေကြသည့် ပြည်သူများကို အကာအကွယ်ပေးနိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်း ရမည်ဖြစ်ကြောင်းလည်း နိုင်အောင်မင်း၏ အဖွင့်မိန့်ခွန်းတွင် ပြောဆိုထားသည်။

ယနေ့ မေလ ၆ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ နှစ်ရက်တာ ပြုလုပ်သွားမည့် PPST ၏ အထူး အစည်းအဝေးပွဲတွင် ၎င်းတို့အဖွဲ့အတွင်း အကျေအလည်ဆွေးနွေးမှုများ ပြုလုပ်ကာ သဘောထားများကို သတ်မှတ်ထားသောအချိန်တွင် စုစည်းသွားရန်နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆက်လက် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း PPST က ဆိုသည်။

ထို့အပြင် စစ်ကောင်စီဥက္ကဌ၏ ဖိတ်ကြားမှုအပေါ် ပြည်တွင်းပြည်ပမှ အမြင်မတူ ဆန့်ကျင်သူ အင်အားစုများနှင့် နားလည်မှုရရှိရေး ကြိုးပမ်းသွားရန်၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ အကြံပြုချက်များ ရယူသွားရန်နှင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် အချက်အလက်အားဖြင့် ပြည့်စုံမှု ရှိစေရန် ပြင်ဆင်သည့်အနေဖြင့် သဘောထားနှင့်လုပ်ငန်းစဉ်များကို ချမှတ်သွားနိုင်ရန်လည်း နိုင်အောင်မင်းက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က ရုပ်မြင်သံကြားမှတဆင့် လက်ရှိ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ကိုယ်တိုင်တွေ့၍ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီး ၎င်းအပေါ် KNU အပြင် ကချင်လွတ်လပ်ရေးအဖွဲ့ -KIO၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့မှ တက်ရောက်ဆွေးနွေးမည်မဟုတ်ကြောင်း အသီးသီး တရားဝင် သဘောထားထုတ်ပြန် ပြောဆိုထားမှုများရှိသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...