သံလွင်မြစ်အနောက်ခြမ်းရှိ ကျေးရွာ (၈)ရွာတွင် ယခု မေလဆန်း ၁ ရက်နေ့က ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်(BGF) အမှတ် (၁၀၁၄) တပ်ရင်း၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ဒေသခံကျေးရွာသား ၁၀၀ ဦးဝန်းကျင်ထဲမှာ ၅၀ ဦးခန့်ကို စစ်ကောင်စီတပ်၏ ဝင်းတာပန်နှင့် လေးကေစခန်းသို့ ပို့ဆောင်မည့် စစ်ကူများ နှင့်အတူ ပေါ်တာအဖြစ် ပို့ဆောင်ခြင်းခံလိုက်ရကြောင်း ဒေသခံကျေးရွာသားများထံမှ သိရသည်။
သံလွင်မြစ် အနောက်ဘက်ခြမ်း KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁)နယ်မြေ၊ ဝါးဘိုးတော-ကမမောင်းလမ်းပိုင်းတွင်ရှိသော ကျေးရွာ (၈)ရွာမှ ဒေသခံရွာသား ၁၀၀ ဝန်းကျင်ကို ဗိုလ်တင်ဝင်းဆိုသူ ဦးစီးသည့် BGF တပ်ရင်း(၁၀၁၄) တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရွာသား ၅၀ ဦး ခန့်အား လတ်တလော တိုက်ပွဲဖြစ်ပွားနေသည့် ဝင်းတာပန်နှင့် လေးကေစစ်စခန်းအတွက်ပို့ဆောင်မည့် စစ်ကူများအတွက် အထမ်းသမား(ပေါ်တာ)အဖြစ် ပို့ဆောင်ခံရပြီး ကျန်သူများမှ ငွေကြေးပေး၍ ရွေးယူ ခဲ့ရကြောင်း ဝဲပျံကျေးရွာ ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“ပြီးခဲ့တဲ့ရက်က ဖမ်းသွားတဲ့ လူတွေ ငွေနဲ့ရွေးယူရတယ်။ လူကြီး ၁၀ သိန်း၊ လူငယ်သိန်း ၂၀ နဲ့ ရွေးရ တယ်။ ပိုက်ဆံမတတ်နိုင်သူကတော့ ဝင်းတာပန်၊ လေးကေဘက်ကို စစ်ကူထွက်မယ့် စစ်ကောင်စီ တပ်တွေဆီပေါ်တာ ပို့လိုက်တယ်။ အဆက်အသွယ်မရကြတော့ဘူး။ လူ ၅၀ လောက်ပါသွားပြီး ကျန်တာ တွေကတော့ ရွာဘက် ပြန်ရောက်ကြပြီး။” ဟု ကေအိုင်စီသို့ ပြောသည်။
သံလွင်မြစ်အနောက်ခြမ်း မြိုင်ရွာ၊ ကုန်းတန်းကြီးရွာ၊ ဝဲပျံချောင်းဝရွာ ၊ ဘုရားဆိပ်ရွာ၊ ဝဲပျံရွာ၊ ပေပင်ဆိပ်ရွာ၊ မိထ္ထီလာရွာနှင့် မိဇိုင်းရွာစသည့် ကျေးရွာများထဲသို့ မေလ ၁ ရက်နေ့ နံနက်ပိုင်းက BGF အမှတ် ၁၀၁၄ တပ်ရင်းမှ တပ်ဖွဲ့၀င်များသည် အိမ်စီးကားကြီး ၆ စီး ၊ အင်အား ၅၀ ခန့်ဖြင့် ကျေးရွာ ၀င်လမ်း၊ ထွက်လမ်းများအား ပိတ်ဆို့ကာ သေနတ်ပစ်ဖောက်၍ ဒေသခံရွာသားများနှင့် လူငယ်များအား အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားမှုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၎င်းအပြင် လတ်တလောတွင် ပေပင်ဆိပ်၊ ဝဲပျံကျေးရွာဘက်တကျောနှင့် သံလွင်မြစ် တစ်ဖက်ကမ်း ရွှေဂွန်း၊ သံလွင်မြစ်အလယ်ရှိ ကော့လုံကျွန်းဘက်များတွင် ဗိုလ်တင်ဝင်းဦးစီးတပ်ဖွဲ့ဝင်များက ဂိတ်များ ဖွင့်၍ စစ်ဆေးမှုများပြုလုပ်နေပြီး ပုန်းရှောင်နေသူများကို စစ်ဆေးဖမ်းယူမှုများ ပြုလုပ်နေသောကြောင့် လူငယ်များအနေဖြင့် နေစရာ၊ သွားစရာမရှိဖြစ်စေကြောင်းလည်း အဆိုပါ ဝဲပျံဒေသခံ က ဆက်ပြောသည်။
BGF တပ်ဖွဲ့ဝင်များမှ ထိုဒေသများတွင် ဖမ်းဆီးစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သော ကြောင့် ဒေသခံရွာသားများအနေဖြင့် မိမိနေရပ်ဒေသကျေးရွာများတွင် တိုက်ပွဲမဖြစ်ပွားသော်လည်း အတင်းအဓမ္မ ဖမ်းဆီးခံရခြင်းနှင့် စစ်မှုထမ်းခိုင်းခြင်းအပြင် ပေါ်တာအထမ်းသမားအဖြစ် ခိုင်းစေခံရခြင်း အပြုမခံရစေရန် ပုန်းအောင်းရှောင်တိမ်းနေထိုင်ကြရသလို အသက်အန္တရာယ်ကြုံကြရမည်ကိုလည်း စိုးရိမ်ပူပန်မှု မြှင့်တက်နေကြကြောင်း ဒေသခံများက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ဖြစ်စဉ်အသေးစိတ်ကို သိရှိနိုင်ရန် သက်ဆိုင်ရာ နယ်ခြားစောင့်တပ်-BGF တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း၍ မရရှိပေ။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ဝင်းတာပန်၊ လေးကေ၊ ပိန္နဲတော၊ အင်္ဂပို ကျေးရွာ အခြေစိုက် စစ်ကောင်စီ စစ်စခန်းများဘက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်ဖွဲ့များနှင့် စစ်ကောင်စီအကြား တိုက်ပွဲပြင်းထန်နေသောကြောင့် ကျေးရွာပေါင်း ၃၀ ကျော်မှ ဒေသခံ အရပ်သားပြည်သူ တစ်သောင်းကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရကြောင်း သိရသည်။
အဆိုပါဒေသတွင် ပြီးခဲ့သည့် ဧပြီလနှင့် မတ်လအတွင်းကလည်း ရွာသားအချို့အား ဖမ်းဆီးကာ ပေါ်တာ အထမ်းသမားအဖြစ် ရိက္ခာနှင့် လက်နက်ခဲယမ်းများ ထမ်းပို့ခိုင်းခံခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့ဖူးပြီး စစ်အာဏာသိမ်းဖြစ်စဉ် နောက်ပိုင်း BGF တပ်တွင် စစ်သားလုပ်ရန် လာရောက်စည်းရုံးခေါ် ဆောင်ခံကြရသည့် ရွာသားအချို့ မှာလည်း ယနေ့အထိ မိသားစုများနှင့် အဆက်အသွယ် မရကြောင်း ဒေသခံ များပြောသည်။







