စောဘဦးကြီးပုံတူပန်းချီကား ၁၃၀၀၀ဒေါ်လာဖြင့် လေလံရရှိ

စောဘဦးကြီးပုံတူပန်းချီကား ၁၃၀၀၀ဒေါ်လာဖြင့် လေလံရရှိ

ကရင်အမျိုးသားခေါင်းဆောင် အာဇာနည် စောဘဦးကြီး၏ ပုံတူပန်းချီကားကို ဧပြီလ ၂၁ရက်နေ့မှစတင်၍ လေလံဖွင့်ခဲ့ ရာ အမေရိကန်ဒေါ်လာ ၁၃,၀၀၀ ဖြင့် နောက်ဆုံး လေလံအောင်ခဲ့သည်ဟု ဦးဆောင်လေလံတင် ရောင်းချပေးသည့် Myanmar Global Support Foundation - MGSF က ကေအိုင်စီသို့ ပြောသည်။

“သွေးချင်းများ၏ လမ်းပြကြယ်”ဟု အမည်ပေးထားသည့် စောဘဦးကြီး ပုံတူပန်းချီကားကို မည်သည့်အဖွဲ့အစည်းဖြစ် စေ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဖြစ်စေ ဆက်သွယ်ဝယ်ယူအားပေးနိုင်ကြောင်း ကြေညာထားခဲ့သလို မေလ ၁ရက် (မေဒေးနေ့)တွင် ကျင်းပသည့်လေလံပိတ်ပွဲတွင် KOA-Karen Organization of America က ဒေါ်လာ ၁၃၀၀၀ဖြင့် လေလံရရှိသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါပန်းချီကားကို အမေရိကန်နိုင်ငံ၌ ရောက်ရှိနေထိုင်လျက်ရှိသူ ပန်းချီဆရာစောကနေဒီ ကိုယ်တိုင်ရေးဆွဲကာ MGSF ထံသို့ လှူဒါန်းထားခဲ့ခြင်းဖြစ်ပြီး နိုင်ငံအသီးသီးသို့ရောက်ရှိနေကြသူများနှင့် နိုင်ငံတကာရောက် ကရင်အဖွဲ့အ စည်းများက ဝင်ရောက်အားပေးကြမှုကြောင့် ရရှိလာသည့် လေလံတင်ရောင်းချငွေကို ကရင်ပြည်နယ်အတွင်း အကူအ ညီ လိုအပ်သည့်နေရာများတွင် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း လေလံတင်ရောင်းချပေးသည့် MGSF အဖွဲ့၏ ပြောပြ ချက်အရ သိရသည်။

MGSF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက "လေလံတင်တယ်ဆိုတာထက် လူငယ်တွေက စောဘဦးကြီးလို သူရဲကောင်း ရှိခဲ့ တယ်ဆိုတာကို ကျနော်တို့ မသင်ခဲ့ရဘူး။ မသိခဲ့ရဘူး။ ဒါပေမယ့် အခုနောက်ပိုင်း လူငယ်တွေက သိသင့်တယ် လုပ်သင့် လုပ်ထိုက်တာကို လုပ်ရမယ်။ ကရင်အမျိုးသားတွေထဲမှာ သူရဲကောင်းတွေရှိတာကို သိစေချင်တယ်။ ပြီးတော့ ရရှိတဲ့ ငွေတွေကို နိုင်ငံတကာဒေသအသီးသီး ကရင်အဖွဲ့အစည်းတွေနဲ့တိုင်ပင်ပြီးတော့မှ သူတို့အတွက်ကျေနပ်ပြီး ကျနော်တို့ အတွက် အဆင်ပြေမယ့်နေရာများကို ပို့ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။"ဟု ကေအိုင်စီသို့ ပြောသည်။

ပန်းချီဆရာ စောကနေဒီက မိမိတန်ဘိုးထားပြီး အနှစ်နှစ် အလလ သိမ်းဆည်းခဲ့သည့် ပန်းချီကားများကို MGSF ထံ ပေးလှူရသည့် အဓိကရည်ရွယ်ချက်မှာ ၎င်းအဖွဲ့သည် နိုင်ငံတကာနှင့် ဆက်စပ်မှုရှိသော အသင်းအဖွဲ့တစ်ခုဖြစ်သည့် အပြင် စစ်အာဏာရှင်နှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတိုက်ပွဲတွင် အင်အားတစ်ခုဖြစ်စေရန်အတွက် ယခုကဲ့သို့ ပံ့ပိုးမှုအစီအစဉ်ကို အကောင်အထည်ဖော် ကြိုးစားရခြင်းဖြစ်ကြောင်းလည်း ကေအိုင်စီ၏မေးမြန်းချက်ကို ပြန်လည် ပြောဆိုခဲ့သည်။

၎င်းက "မျှော်လင့်ချက်ကတော့ ဒီတော်လှန်ရေးက တကယ်ကို အောင်မြင်သွားမယ်လို့ ယုံကြည်တဲ့အတွက် အားလုံးရဲ့ အလိုအပ်ဆုံး အလင်းတခုကို မြင်တွေ့ပိုင်ဆိုင်ခွင့်ရတော့မဲ့ အချိန်ဆီ လှမ်းနေတဲ့ခြေလှမ်းတိုင်းကို ကျေနပ်တယ်။ တွေးပြီး ပျော်နေမိပါတယ်။"ဟု ကေအိုင်စီသို့ ပြောသည်။

စောဘဦးကြီးပုံတူပန်းချီကားအပြင် MGSF ထံ ပန်းချီကား ၃ကားနှင့် အခြားလှုပ်ရှားမှုအစီအစဉ်တွင် ပန်းချီကား ၄ကား၊ စုစုပေါင်း ၇ကား ရေးဆွဲပေးခဲ့ကြောင်းလည်း စောကနေဒီက ထပ်လောင်း ပြောဆိုခဲ့သည်။

၎င်းပုံတူပန်းချီကားနှင့် ပတ်သက်၍ အွန်လိုင်းစကားဝိုင်းများကိုလည်း ပြုလုပ်ကျင်းပခဲ့ကြပြီး ပါဝင်ခဲ့ကြသူများက စောဘဦးကြီး၏ အတ္ထုပ္ပတ္တိနှင့် အရည်အချင်းများ၊ ခံယူချက်၊ ပေးဆပ်မှုနှင့် ဖြတ်သန်းမှု စသည့် ၎င်းတို့ဖတ်ရှု သိရှိ မှတ်သားခဲ့ကြသည်များကို မျှဝေဖလှယ် ပြောဆိုခဲ့ကြသည်။

လတ်တလောအချိန်တွင် ကရင်လူထုများကို ကူညီနိုင်ရန်အတွက် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ ပုံတူ ပန်းချီကားအပြင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြနှင့် ကေအဲန်ယူ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းတို့၏ ပုံတူပန်းချီကားများကိုလည်း ဆက်လက်ရေးဆွဲကာ လေလံတင် ရောင်းချသွားရန် ရှိသေးကြောင်းလည်း MGSF အဖွဲ့ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

April 4, 2026
ကရင်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းနှင့် လျှပ်စစ်မီး...
Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...