တံခွန်တိုင်ရဲစခန်းဝင်းအတွင်း ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ် ရွာသား ၃ဝ ဦးခန့် ဖမ်းဆီးခေါ်ဆောင်သွား

တံခွန်တိုင်ရဲစခန်းဝင်းအတွင်း ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ် ရွာသား ၃ဝ ဦးခန့် ဖမ်းဆီးခေါ်ဆောင်သွား

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ရွာ ရဲစခန်းဝင်းအတွင်း ခြေကုပ်နေရာယူထားသည့် စစ်ကောင်စီတပ်မှ ယနေ့ ဧပြီ ၂၉ ရက်နေ့ မနက် ၇ နာရီကျော်အချိန်တွင် ကျေးရွာများအတွင်းသို့ ဝင်ရောက်ပြီး ဒေသခံ ၃ဝ နီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

စစ်ကောင်စီတပ်မှ လက်နက်အင်အားများဖြင့် ခလယ်ကျေးရွာအတွင်း တွေ့ရာလူများကို နောက်ပြန်ကြိုးချည် ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် အိမ်ထဲပုန်းနေသူများကိုလည်း လာရောက်အဖမ်းခံကြရန် ခြိမ်းခြောက်ပြောဆိုပြီး နေအိမ်များမီးရှို့ဖျက်ဆီးမည်ဟု ရွာသားများကို ခြိမ်းခြောက်ပြောဆိုသွားကြောင်း ခလယ်ကျေးရွာနှင့် နီးစပ်သည့်ရွာသားများထံမှ သိရသည်။

“ ဒီမနက် ခလယ်နဲ့ ခလယ်ရွာလေးကြားမှာ ရှိတဲ့နေအိမ်တွေ အယောက် ၃ဝ လောက် ဖမ်းခေါ်သွားတယ်။ တစ်ချို့အိမ်မှာ ပုန်းနေတော့ ဆင်းလာခဲ့ဖို့ ပြောတယ်။ မဆင်းလာရင် အိမ်မီးရှို့မယ်ပြောတော့ အဖမ်းခံလိုက်ရတာလည်း ရှိတယ်။ တစ်ချို့က လက်ပြန်ကြိုးတုပ်ချည်ပြီး ရွာလမ်းမအတိုင်းကို ဖမ်းခေါ်သွားတယ်” ဟု ဝင်းရော်ဒေသခံတစ်ဦးက ကေအိုင်စီသို့ပြောသည်။

တံခွန်တိုင်ရွာ ရဲစခန်းမှ ခလယ်ရွာဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တို့ ခလယ်ရွာ အထက်တန်းကျောင်းအနီး ယနေ့ ဧပြီ ၂၉ ရက် နံနက် ၈ နာရီကျော်အချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မြို့ဟောင်းကျေးရွာမှ အမျိုးသမီးတစ်ဦး ကျည်ထိမှန် ဒဏ်ရာရသွားကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီတပ်မှ ခလယ်ရွာလေးအတွင်း ထပ်မံ၍ တပ်စွဲနေရာယူထားလျက် ရှိနေဟု ဌာနေလူထုများထံမှ သိရသည်။

ခလယ်-တံခွန်တိုင် ဝင်းရော်ဒေသသို့ ပြီးခဲ့သည့် ဧပြီ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်မှုများပြုလုပ်လာပြီး ၎င်းတို့ဖြတ်သန်းသွားသည့် လမ်းမတစ်လျှောက် တွေ့ရှိသည့် ဒေသခံရွာသားများကိုလည်း အထုပ်လက်နက်ကြီးများ အဓမ္မထမ်းစေခိုင်းမှုပြုကာ ၎င်းတို့၏ ခြေကုပ်စခန်းအထိ ပို့ဆောင်ခိုင်းစေခဲ့သည်ဟု ဖမ်းဆီးခံခဲ့ရသည့် ရွာသားများထံမှ သိရသည်။

တံခွန်တိုင်ရဲ စခန်းဝင်းအတွင်း ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်မှ ဧပြီ ၂၃ ရက်နေ့က ကျေးရွာအတွင်းသို့  ၎င်းတို့ပစ်ခတ်လိုက်သည့် လက် နက်ကြီးကြောင့် တံခွန်တိုင်ရွာမှ အမျိုးသမီးတစ်ဦး အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးသွားပြီး ၎င်းတို့ထိုးစစ်ဆင်မှုကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ဌာနေလူထု ၃,ဝဝဝ နီးပါး စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...