KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ၊ ဒေါနအရှေ့ခြမ်း လေးကေကော်နှင့် ဝေါလေဒေသဘက်တွင် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းခဲ့သည့် စစ်ကောင်စီ၏ ဒုတပ်ရင်းမှူးအ ဆင့် အပါအဝင် တပ်ဖွဲ့ဝင် ၂၈ ဦးရှိသည်ဟု သိရသည်။
ယင်းသို့ သွားရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် ဒုတပ်ရင်းမှူးတစ်ဦး အပါအဝင် အရာရှိ ၅ဦးခန့် ပါဝင်ပြီး ၎င်းတို့အား KNU လက်အောက်တွင် ကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ထားကြောင်း လေးကေကော်ဒေသအ တွင်း လှုပ်ရှားနေသည့် KNLA သတင်းအရင်းအမြစ်က ပြောသည်။
"သူတို့ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ပေးတယ်။ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတယ်။ ကျနော်တို့ စစ်ကြောင်း နှင့် ပူးပေါင်းဆောင်ရွက်နေသော ခမရ (၅၈၅) မှ ဗိုလ်မှူးတင်လင်းအောင်နဲ့ တပ်မ (၇၇)မှ CDM ဗိုလ်ကြီးတစ်ဦးပေါင်း ၂ဦးက စစ်ကောင်စီစစ်စခန်းဘက်က ပြန်ပစ်တဲ့ လက်နက်ကြီး ၈၀-မမ မော်တာ စိန်ပြောင်းတွေကို ကိုယ်တိုင်လမ်းညွှန် ပစ်ခတ်ပေးတာ စစ်သင်တန်းပေးတာတွေ လုပ်ကူပေးနေတယ်။"ဟု ပြောသည်။
ယခုလက်ရှိ လေးကေကော်ဒေသတွင် KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား နေ့စဉ်ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိသလို စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ထုတ်မှုများ နေ့စဉ်လုပ်ဆောင်နေကြောင်းလည်း နယ်မြေခံ များက ပြောသည်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုနှစ်တွင် ငြိမ်းချမ်းရေးနှစ်ဟု ထုတ်ပြန်ပြောဆိုထား သော်လည်း ကရင်ပြည်နယ်တွင် နေ့စဥ် တိုက်ပွဲနှင့် မြို့ပြ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားနေဆဲဖြစ်သည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရေးဝင်ရောက်လှုပ်ရှားသည့် နယ်မြေများတွင် အရပ်သားများကို ပေါ်တာဆွဲ ခိုင်းစေမှုများ၊ အရပ်သားများအား ပစ်ခတ်သတ်ဖြတ်မှုများကို စစ်ကောင်စီတပ်ဖွဲ့များ ဆက်လက် လုပ်ဆောင်နေဆဲဖြစ် ကြောင်းလည်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များက ပြောသည်။







