စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ခလယ်-တံခွန်တိုင်ရွာသားအချို့ ပြန်လွတ်မြောက်လာ

စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ခလယ်-တံခွန်တိုင်ရွာသားအချို့ ပြန်လွတ်မြောက်လာ
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဝင်းရော်ဒေသခံများ CJ
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဝင်းရော်ဒေသခံများ CJ

ယနေ့ နံနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ ခလယ်-တံခွန်တိုင်တိုက်နယ် ကျေးရွာများရှိ တောင်ညိုတောင်တန်း တောင်ခြေများတွင် ဥယျာဉ်ခြံစိုက်ပျိုးခြင်းဖြင့် အသက်မွေးလုပ်ကိုင်ကြသည့် တောင်သူ ၃၀ ကျော်မှ အချို့ မှာ ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။

ဝင်းရော်ဒေသ၏ အနောက်ဘက် တောင်ညိုတောင်ခြေတွင် ခလယ်၊ မြို့ဟောင်း၊ ခလယ်ရွာလေးနှင့် အခြားကျေးရွာများမှ ဥယျာဉ်ခြံလုပ်ကိုင်နေကြသည့် ဒေသခံ ၃ဝ ကျော်ကို ယနေ့ ဧပြီလ ၂၅ ရက်၊ နေ့လည် ၁၁ နာရီကျော်အချိန်တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်ပြီးနောက် အမျိုးသမီး၊ ကလေးငယ်များကို ပြန်လည်လွှတ်ပေးခဲ့ပြီး လူလတ်ပိုင်း အမျိုးသားအများစုကို ၎င်းတို့၏ အထုပ်လက်နက်များထမ်းခိုင်းပြီး၊ လမ်းပြအဖြစ်ခိုင်းစေကာ ကျန်နေခဲ့သေးကြောင်း ပြန်လည်လွတ်မြောက်လာသူများက ပြောသည်။

“ ခြံသွားရင် စစ်ကြောင်းနဲ့တိုးလို့ ဖမ်းခံရတာပါ။ လက်နက်ကြီးတွေ ထမ်းခိုင်းတယ်။ သူတို့အထုပ်ပိုးတွေရော ထမ်းခိုင်းတယ်။ လမ်းပြခိုင်းသူတွေကိုတော့ ခေါ်လာတာတွေ့ရတယ်။ ဖမ်းခေါ်လာတဲ့လူတွေက မွန်ရော ၊ ကရင်ရော ဗမာရောပဲ။ အခြားရွာကနေ ခေါ်လာတာလည်းတွေ့ရတယ်။ ဆေးတိုက်ကျွေးပြီး ခိုင်းကြတယ်” ဟု ပြန်လည်လွတ်မြောက်လာသူ ဝင်းရော်ဒေသခံတစ်ဦးက ကေအိုင်စီ သို့ပြောသည်။

စစ်ကောင်စီတပ်မှ ၎င်းတို့စစ်ကြောင်းသွားသည့် လမ်းမတစ်လျှောက် အမျိုးသမီး၊ အမျိုးသား၊ ကိုယ်ဝန်သည်နှင့် ကလေးငယ်များပါမကျန် ခေါ်ဆောင်သွားပြီး ပါလာသည့်ဖုန်းများသိမ်းဆည်း မေးမြန်းခြင်းနှင့် အမျိုးသားများကို သောက်ဆေးတစ်မျိုးတိုက်ကာ အထုပ်၊ လက်နက်ကြီးများ ထမ်းခိုင်းသည်ဟု ၎င်းပြန်လည်လွတ်မြောက်လာသူက ဆက်ပြောသည်။

ပြန်လည်လွတ်မြောက်လာသူ ခလယ်-တံခွန်တိုင်ရွာသားတစ်ဦးကလည်း “ သူတို့ကြားတွေမှာ ရွာသားတွေကို ထားထားတယ်။ လက်နက်ကြီးတွေ ထမ်းနိုင်ဖို့ ပေါ်တာသမားတွေကို ကဲကဲဒီဆေးလေး သောက်လိုက် အထုပ်‌တွေ ထမ်းရမယ်ဆိုပြီး ဆေးသောက်အောင် ချော့မော့တိုက်တယ်။ အတင်းတိုက်တာတော့ မဟုတ်ဘူး။ အချို့မ သောက်ဘူးပေါ့နော်။ ထမ်းနိုင်တဲ့အမျိုးသားတွေ ဆက်ခေါ်သွားတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

ဝင်းရော်ဒေသ ခလယ်-တံခွန်တိုင်တိုက်နယ် ရဲစခန်းတွင် ဧပြီလ ၂၃ ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားနေစဉ် ရဲစခန်းဝင်းအတွင်း ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးပြီး အခြားအမျိုးသား ၂ ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

၎င်းအပြင် ထိုနေ့ည (၁၀)နာရီအချိန်တွင် အဘစ်ရွာရှိ စစ်ကောင်စီတပ် အမြှောက်တပ်ရင်းမှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများ လှမ်းပစ်ခတ်မှုများ လုပ်ဆောင်သောကြောင့် ဒေသခံရွာသား ထောင်နှင်ချီ ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ကူညီကယ်ဆယ်ရေးများထံမှ သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...