အာဏာသိမ်းပြီး တစ်နှစ်နဲ့သုံးလအတွင်း ကရင်နီပြည် အရပ်သားသေဆုံးသူ ၂၅၀ကျော်အထိ ရှိနေ

အာဏာသိမ်းပြီး တစ်နှစ်နဲ့သုံးလအတွင်း ကရင်နီပြည် အရပ်သားသေဆုံးသူ ၂၅၀ကျော်အထိ ရှိနေ

ကရင်နီပြည်မှာ အာဏာသိမ်းကာလ ( တစ်နှစ်နဲ့သုံးလအတွင်း) ဧပြီ (၂၄)ရက်နေ့အထိ အရပ်သားသေဆုံးသူ (၂၅၇) ဦး အထိ ရှိနေပြီဖြစ်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဧပြီလ ၂၄ ရက်နေ့မှာ  ထုတ်ပြန်ထားပါတယ်။

အဓိက အရပ်သားပြည်သူတွေကို စစ်ကောင်စီကနေပြီး အကြောင်းမဲ့ သတ်ဖြတ်တာတွေ၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးရတာတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

“ အမျိုးသားတွေ ပိုများပါတယ်။ အမျိုးသမီး က ကျနော်တို့ ဒီ ဒီဇင်ဘာလ ပြီးခဲ့တဲ့ တစ်နှစ်မပြည့်ခင် ထုတ်ပြန်ချက်အရက အမျိုးသမီးက ၁၁ ရာခိုင်နှုန်း သေဆုံးမှုရှိတယ်ပေါ့နော။ ကျနော်တို့ထုတ်ပြန်တဲ့ စာရင်းအရဆိုရင်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ ရာခိုင်နှုန်းနဲ့ ကျနော်တို့ မတွက်တော့ဘူး။ ဒီအတိုင်း အားလုံး ခြုံငုံ တဲ့ ဟာမျိုးပဲ ကျနော်တို့ ထုတ်ပြန်တယ်။ အမျိုးသမီးက ဘယ်လောက် ၊ ကလေးက ဘယ်လောက် ၊ သက်ကြီးရွယ်အို ဘယ်လောက် ၊ မိခင် မီးဖွားရင်း သေဆုံး ဘယ်လောက် အဲ့လိုတော့ ကျနော်တို့ မခွဲ ထားသေးဘူး။ “ လို့ PKPF တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)  ကို ပြောပါတယ်။

ကောက်ယူရတဲ့အချက်အလက်အရ ဒီးမော့ဆို မြို့နယ်မှာ သေဆုံးမှု အများဆုံးဖြစ်တယ်လို့  သူကဆက်ပြောပါတယ်။ အသတ်ခံရတဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံတာတွေ၊ ဒေသခံ PDFတွေနဲ့ ချိတ်ဆက် သွားရောက်ပြီး လက်လှမ်းမှီသလောက် အချက်အလက် ကောက်ယူကြတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် လုံခြုံရေးအခက်အခဲ တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

“ ဘယ်အပိုင်းမှာ လက်လှမ်းမမီနိုင်လဲဆို အဓိက ခြောက်မိုင် ဒီးမော့ဆိုမြို့နယ်တွေပေါ့နော။ လက်လှမ်းမမှီဘူး။ တခြားမြို့နယ် လွိုင်ကော်တို့ ဖယ်ခုံတို့ဆိုရင် တိုက်ပွဲဖြစ်ပြီး အရပ်သား ပစ်သတ်ခံရတယ်ဆိုရင် နောက်တစ်ရက်  စစ်ကောင်စီက တခြားနေရာသွားတဲ့အတွက် အဲ့တိုက်ပွဲ ဖြစ်တဲ့နေရာ အသတ်ခံရတဲ့ ပြည်သူတွေ ရှိတဲ့ ရွာ ကျနော်တို့ ဝင်လို့ရတယ်။ Local PDFနဲ့ အတူတူသွားလို့တော့ရတယ်။ သွားပြန်ကြည့်လို့တော့ရတယ်။ အဲ့လိုမျိုး ခြေအနေတွေရှိတယ်။ ဒါပေမယ့် ဒီးမော့ဆို ခြေနေက အဲ့လို မရှိဘူးပေါ့နော။ သွားလည်းမသွားရဲဘူး။ တချို့ Local PDFတွေတော့ သွားတာတွေရှိတယ်။ ကျနော်တို့ မသွားရဲဘူး။ အထူးသဖြင့် ဒီးမော့ဆို မြို့နယ်ပေါ့။ “ လို့ PKPF တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

အရပ်သားသေဆုံးသူ (၂၅၇) ဦးမှာ စစ်ကောင်စီက အကြောင်းမဲ့ သတ်ဖြတ်တာ၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် သေဆုံးတာ (၂၃၁) ဦး၊ စစ်ဘေးရှောင်ရင်း သေဆုံးသူ (၂၄) ဦး နဲ့ သပိတ်ကာလအတွင်းသေဆုံးသူ (၂)ဦး တို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့မှာလည်း လွိုင်ကော်မြို့နယ် ချိကယ်ရပ်ကွက်အတွင်း အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ KNDF က  ဧပြီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...
ဓာတ်ပုံ - ကယန်းအမျိုးသား ကျန်းမာရေးကော်မတီ (KNHC)
August 11, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာတွင် ဒေသခံများနှင့် စစ်ဘေးရှောင်များ...