စစ်ရှောင်တွေအနေနဲ့ မိမိတို့နေရပ်ကို ပြန်တာတွေ မပြုလုပ်ကြဖို့ KNDF တိုက်တွန်း

စစ်ရှောင်တွေအနေနဲ့ မိမိတို့နေရပ်ကို ပြန်တာတွေ မပြုလုပ်ကြဖို့ KNDF တိုက်တွန်း

ကရင်နီပြည်မှာ တိုက်ပွဲဖြစ်ခဲ့တဲ့ကျေးရွာနဲ့ စစ်ကောင်စီတပ်စွဲခဲ့တဲ့ ကျေးရွာက စစ်ရှောင်တွေအနေနဲ့ မိမိနေရပ်ကျေးရွာကို ပြန်တာတွေ မပြုလုပ်ကြဖို့ KNDF ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုသိုက်က တိုက်တွန်းလိုက်ပါတယ်။

“ကိုယ့်ရွာကို ပြန်မယ်။ ကိုယ့်နေရာကို ပြန်မယ်ဆိုရင် စစ်တပ်လာပြီးသွားရင် အဲ့နေရာ မိုင်းထောင်ထားပြီးသားပဲ။ ကျနော်တို့ရှိတဲ့ ကျနော်တို့ ရိက္ခာတွေကို သူတို့ မီးရှို့ထားပြီးသားပဲ။ အဲ့တော့ လူ့အသက်ထက် ဘာမှ အရေးမကြီးဘူးပေါ့နော။ ဒီပ္စည်းဥစ္စာတွေက ပြန်ရှာလို့ရတယ်။ ပြန်လုပ်လို့ ရတယ်။ ခွေးက ကျနော်တို့ကို ဖမ်းဆီးသတ်ဖြတ်လိုက်မယ်ဆိုရင် ဒါမဆုံးရှုံးသင့်တဲ့ အသက်တွေ ဆုံးရှုံးသွားမယ့် ဟာမျိုးတွေ ရှိတယ်။” လို့ KNDF ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုသိုက်က ပြောပါတယ်။

ဒေသခံတွေအနေနဲ့ နေရပ်မပြန်သေးပဲ လိုအပ်တဲ့ ရိက္ခာတွေကို စစ်ရှောင်ကူညီရေးအဖွဲ့တွေ၊ ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီ ( KSCC ) တို့နဲ့ ချိတ်ဆက်ပြီး အကူအညီတောင်းခံ သင့်တယ်လို့ ကိုသိုက်က ဆက်ပြောပါတယ်။

စစ်ရှောင်တွေဟာ စားနပ်ရိက္ခာအတွက် အသက်ကို မငဲ့ပဲ ရိက္ခာပြန်ယူနေရတာဖြစ်တယ်လို့ ဒီးမော့ဆိုမြို့ တစ်နေရာမှာ စစ်ဘေးရှောင်နေသူ တစ်ဦးက ပြောပါတယ်။

“ စားစရာမရှိလို့ ပြန်ယူတယ်ပေါ့။ စားစရာမရှိဘူးလေ သူများအိမ်မှာ သွားနေတော့ ထောက်ပံ့ကြေးမရဘူးကော။ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲတော့။ စစ်ကောင်စီက လမ်းတွေမှာ ရှိနေတော့။ “ လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

ယခုလ ဧပြီလ ၁၁ရက်နေ့မှာ ဖရူဆိုမြို့နယ် ထီးသော်ကူးနဲ့ ကဒါးလားကျေးရွာအနီးတစ်ဝိုက်မှာ ဆိုင်ကယ်နဲ့ ရိက္ခာပြန်ယူတဲ့ ဒေသခံ နှစ်ဦး စစ်ကောင်စီထောင်ထားတဲ့ မိုင်းကို ထိမိခဲ့တာတွေလည်း ရှိပါတယ်။

ဒါ့အပြင် ဧပြီလ ၄ရက်နေ့မှာလည်း လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်မှာ ဆော့ကစားနေတဲ့ ကလေးငယ်နှစ်ဦး ခြံထဲမှာ ထောင်ထားခဲ့တဲ့ မိုင်းကို ထိမိပြီး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် စစ်ရှောင်တွေဟာ ရိက္ခာပြန်ယူရင်း စစ်ကောင်စီနဲ့တိုးပြီး သတ်ဖြတ်ခံလိုက်ရတဲ့ ဒေသခံတွေလည်း အများအပြားရှိနေပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုပုံစံ အမျိုးမျိုးကြောင့် သေဆုံးသွားရတဲ့ ဒေသခံ ၂၄၆ဦးရှိနေတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် ( KCSN ) က ဧပြီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Most read this week

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...