စစ်ကောင်စီနှင့် BGF တပ်များပစ်ခတ်မှုကြောင့် တစ်လအတွင်း အရပ်သား ၂၅ ဦးသေဆုံးပြီး ၃၁ ဦးဒဏ်ရာရရှိခဲ့ဟု KNU ထုတ်ပြန်

စစ်ကောင်စီနှင့် BGF တပ်များပစ်ခတ်မှုကြောင့် တစ်လအတွင်း အရပ်သား ၂၅ ဦးသေဆုံးပြီး ၃၁ ဦးဒဏ်ရာရရှိခဲ့ဟု KNU ထုတ်ပြန်
Photo-CJ & KIC
Photo-CJ & KIC

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နယ်မြေထဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် -BGF တပ်များ၏ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မှုကြောင့် တစ်လအတွင်း အရပ်သားပြည်သူ ၂၅ ဦးသေဆုံးခဲ့ရပြီး ၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်ဟု ယနေ့ ထုတ်ပြန်သည့် ကေအဲန်ယူ၏ မတ်လတစ်လ တာအတွင်း တိုက်ပွဲဖြစ်ပွားမှုသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် BGF တပ်တို့သည် ပြည်သူလူထုများနေထိုင်ရာ ကျေးရွာနှင့်လုပ်ငန်းခွင်များ အတွင်းသို့ လက်နက်ကြီး လက်နက်ကြီးများနေ့စဉ် ပစ်ခတ်မှုနှင့် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးခြင်းအပြင် ကာလတန်ဖိုးအရ မြန်မာကျပ်ငွေ သိန်းတစ်ထောင်ခန့်ရှိသော ပြည်သူလူထု များ၏ စည်းစိမ်ဥစ္စာနှင့် ပိုင်ဆိုင်မှုများထိခိုက်ပျက်စီးဆုံးရှုံးမှုများလည်းရှိခဲ့သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက် တွင် ဖော်ပြပါရှိသည်။

၎င်းအပြင် ကေအဲန်ယူ -ညောင်လေးပင်ခရိုင် ၊ မူတြော်ခရိုင်နှင့် ဒူးပလာယာခရိုင်များအတွင်းသို့ အာဏာသိမ်းစစ် ကောင်စီကလေယာဉ်ဖြင့် (၈ ) ကြိမ်လာရောက်၍ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် အပစ်မဲ့ ပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် ပြည်သူလူထုများ၏ နေအိမ်နှင့်အဆောက်အဦးပေါင်းများစွာ ပျက်စီးဆုံး ရှုံးခဲ့သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေအဲန်ယူ အုပ်ချုပ်နယ်မြေအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များမှ အင်အားသုံးထိုးစစ်၍ တိုက်ပွဲများဖြစ်ပွားမှု၊ စစ်ကောင်စီတပ်နှင့် BGF တပ်များမှ လက်နက်ကြီး ၊ လက်နက်ငယ်များ ရမ်းသန်းပစ် ခတ်မှုနှင့် လေယာဉ်ဖြင့် ဗုံးကြဲမှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ တစ်သိန်း ( ၁၀၀,၀၀၀ ) ကျော် နေရပ်ကိုစွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ကေအဲန်ယူက ပြောသည်။  

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ပြောခွင့်ရ စောနန္ဒဆူးက "ဒီဖြစ်စဉ်တွေက ကြီးမားတဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတစ်ခုဖြစ်ပါတယ်။ အဲသလိုပဲ နိုင်ငံတကာဥပဒေဖြစ်တဲ့ International Humanitarian Law ကိုလည်း အတိအလင်း ချိုးဖောက်တယ်။ အဲဒါကြောင့် လက်နက်ကြီးပစ်တာပဲဖြစ်ဖြစ်၊ လေယာဉ်နဲ့ ကြဲချတာပဲဖြစ်ဖြစ်၊ တိုက်ပွဲဖြစ်တာပဲဖြစ်ဖြစ် လူအခွင့်အရေးချိုးဖောက်မှုဖြစ်စေတာက ဒေသခံလူထုတွေရဲ့ လုံခြုံမှုပေါ့နော်။ အဲဒီလိုပဲ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိတော့ဘူး။ နောက်တစ်ခုက အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာကို ထိခိုက်တယ်။ ဒါကြောင့် အရပ်သားပြည်သူတွေအတွက် ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပါတယ်။ "ဟု ပြောသည်။

ကေအဲန်ယူ၏ မတ်လတစ်လတာအတွင်း တိုက်ပွဲသတင်း ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် မတ်လအတွင်း

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် -KNDO  နှင့်  အာဏာသိမ်းစစ်ကောင်စီ၏တပ် ၊ BGF တပ်တို့အကြား ထိတွေ့ပစ်ခတ်မှုပေါင်း ( ၅၁၀ ) ကြိမ်ဖြစ်ပွားခဲ့ရာတွင်  စစ်ကောင်စီတပ်နှင့် BGFတပ်တို့ဘက်မှ ( ၄၂၉ ) ဦးကျဆုံးကာ ၂၆၀ ဦးထိခိုက်ဒဏ်ရရှိခဲ့သည်ဟု ဖော်ပြထား သည်။ ၎င်းအပြင် KNLA နှင့် KNDO တို့ဘက်က စစ်ကောင်စီတပ်၏ ကား ( ၃၅ ) စီးကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

ထို့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် -KNDO တို့ဘက်တွင်လည်း တစ်လအတွင်း ( ၂၂ ) ဦး ကျဆုံးခဲ့ပြီး ( ၃၅ ) ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထား သည်။

Photo-CJ & KIC

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...