ရခိုင်ပြည်နယ်လုံးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲပထမနေ့၌ဝင်ရောက်ဖြေဆိုရန်ပျက်ကွက်သူ ၃ ထောင်ကျော်ရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ဖြေဆိုရန်စာရင်းပေးထားသူ ၄၅,၆၀၀ ဦးရှိပြီး ထိုအထဲမှ ၄၁,၇၅၃ ဦးသာဖြေဆိုခဲ့ပြီး ၃,၈၄၇ ဦး ဝင်ရောက်ဖြေဆိုရန် ပျက်ကွက်ခဲ့သည်ဟု ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောသည်။
ရခိုင်တစ်ပြည်လုံး ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၁ ဒသမ ၅၆ ရာခိုင်နှုန်းရှိပြီး ပျက်ကွက်ရာခိုင်နှုန်းမှာ ၈ ဒသမ ၄၄ ရာခိုင်နှုန်းရှိကြောင်း ဆက်ပြောသည်။
စစ်တွေမြို့၊ အထက ၁ စာစစ်ဌာနမှ စာမေးပွဲပထမနေ့ဖြေဆိုခဲ့သည့်ကျောင်းသူတစ်ဦးက "မေးခွန်းတွေကတော့ လွယ်ပါတယ်။ ဖြေရတာ အဆင်ပြေတယ်" ဟု ပြောသည်။
ကိုဗစ်ကြောင့် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကိုပိတ်ထားခဲ့ရာမှ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ခဲ့သည်ဟု သိရသည်။
ကျောင်းသူ၊ ကျောင်းသားများသည် စာသင်ချိန်ကာလ ၆ လခန့်သာရရှိခဲ့ပြီး ပြဋ္ဌာန်းစာအုပ်ပါ သင်ခန်းစာများကိုလည်း လျှော့ပေါ့သင်ကြားခဲ့ရသည်ဟု သိရသည်။
ယင်းကြောင့် စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား၊ ကျောင်းသူများအခက်တွေ့မည်ကို စိုးရိမ်နေကြကြောင်း ကျောင်းသားမိဘများက ပြောသည်။
ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ မတ်လ ၃၁ ရက် နံနက် ၉ နာရီမှစ၍ လာမည့် ဧပြီလ ၉ ရက်အထိ ကျင်းပနေခြင်းဖြစ်သည်။
ရခိုင်တွင် စာစစ်ဌာန ၁၂၈ ခုရှိပြီး လုံခြုံရေးအခြေအနေကြောင့် စာစစ်ဌာန ၂ဝ ကို မြို့ပေါ်သို့ ပြောင်းရွှေ့ဖြေဆိုနေရသည်ဟု သိရသည်။







