နတ်ရေကန်စစ်မျက်နှာမှ စစ်ကား ၇၀ ကျော် ပြန်လည်ဆုတ်ခွာ

နတ်ရေကန်စစ်မျက်နှာမှ စစ်ကား ၇၀ ကျော် ပြန်လည်ဆုတ်ခွာ

ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား ၇၀ ကျော်သည် ဒဏ်ရာရစစ်သည်များကို ပြန်လည်တင်ဆောင်ကာ ဇူလိုင်လအတွင်း ရိုးပေါ်မှနေ၍ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့က အဆိုပါစစ်ကား ၇၀ ခန့်သည် နတ်ရေကန်စစ်မျက်နှာရှိ စစ်တပ်၏ ခြေကုပ်နှင့် ယာယီစစ်စခန်းများဆီသို့ စစ်သားအင်အားများကို ဖြည့်တင်းပေးခဲ့ခြင်း ဖြစ်သည်။

ဒေသခံ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက “သူတို့ စစ်ကားတွေနဲ့ အင်အားလာဖြည့်တာပါ။ အဲဒါကို AA ဘက်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတာတွေ ရှိပါတယ်။ အဲဒီဒဏ်ရာရ စစ်သားတွေ ရော၊ အရင်ကတည်းက တိုက်ပွဲမှာ ဒဏ်ရာရတဲ့သူတွေကိုရော အပြန်မှာ တင်ဆောင်သွားတာကို တွေ့ရပါတယ်” ဟု ပြောသည်။

အဆိုပါ စစ်ကားတန်းသည် ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက် ၈ နာရီခန့်တွင် ကပစ ၁၄ နှင့် အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် (မစခ ၉၀၅) တို့မှ လူနာစစ်သားများကို တင်ဆောင်ကာ ပဒါန်းမှတစ်ဆင့် မင်းဘူးဘက်သို့ ထွက်ခွာ သွားခဲ့ခြင်း ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

အခြား စစ်ရေးသတင်းရင်းမြစ်တစ်ခုကလည်း “စစ်သားတွေက ပဇီနဲ့ ဂုတ်ကြီးဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ တွေမှာ ဒဏ်ရာရရှိသူတွေ များတယ်။ AA ရဲ့ စနိုက်ဘာ၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေ ပစ်ခတ်မှုကြောင့် ဒဏ် ရာရသွားတာတွေလည်း ရှိပါတယ်။ ဒီထိခိုက်ဒဏ်ရာရသူတွေကို ယူဆောင်သွားတာပါ” ဟု ပြောသည်။

ယခုကဲ့သို့ စစ်တပ်က အင်အားများ ဆက်လက်ဖြည့်တင်းနေခြင်းကြောင့် တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာနေ ကြောင်း ၎င်းတို့က သုံးသပ်ကြသည်။

အဆိုပါ စစ်ရေးသတင်းရင်းမြစ်က “ဟိုနေ့က ဒရုန်း၊ လက်နက်ကြီးနဲ့ အပစ်ခံရလို့ မနည်းထိသွားတယ်။ သေတဲ့ သူက သေတယ်။ ဘယ်လောက်ဖြည့်ဖြည့် သူတို့ နတ်ရေကန်ဗျူဟာကုန်းကို တက်နိုင်မယ်မထင်ဘူး။ ဒါပေမဲ့ တိုက်ပွဲတွေကတော့ အရင်ထက်တော့ ပိုပြင်းလာနိုင်တယ်။ AA ဘက်ကလည်း သူတို့အခြေအနေအပေါ် မူတည် ပြီး တိုက်တာဆိုတော့ စကစ ဘက်ကလည်း ဘယ်လောက်ထိ တက်နိုင်မလဲဆိုတာ တိုက်ပွဲဖြစ်မှ သိရမယ်” ဟု ဆက်ပြောသည်။

ဇူလိုင်လ ၂၅ ရက်နေ့ကလည်း နတ်ရေကန်ဗျူဟာကုန်းသို့ ထိုးစစ်ဆင်ရန် အင်အားအသစ်များဖြင့် ထိုးစစ် တက်လာသော အဆိုပါ စစ်ယာဉ်တန်းများကို အာရက္ခတပ်တော် (AA) က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

စစ်သားအင်အား ထောင်ချီပါဝင်သော စစ်ကား ၇၀ ကျော်သည် ဇူလိုင် ၂၄ ရက်နေ့ နေ့လယ်ပိုင်းတွင် ငဖဲမြို့၊ ပဒါန်းမြို့နယ်ရှိ ဆုံကုန်းအမြောက်ကြီးတပ် မစခ (၉၀၅) သို့ ဝင်ရောက်ခဲ့ပြီး အင်အားခွဲကာ ရိုးပေါ်သို့ တက် ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များက အတည်ပြု ပြောဆိုထားသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...