ပူတာအိုတွင် ရွှေအလွန်အကျွံတူးဖော်နေ၍ လယ်ယာမြေများနှင့် လမ်းတံတားများ ပျက်စီးနေ

ပူတာအိုတွင် ရွှေအလွန်အကျွံတူးဖော်နေ၍ လယ်ယာမြေများနှင့် လမ်းတံတားများ ပျက်စီးနေ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ လုပ်ငန်းရှင်များက စစ်ကောင်စီတပ်အား ငွေကြေးပေးကာ စက်ယန္တရားကြီးများဖြင့် ရွှေအလွန်အကျွံ တူးဖော်နေသည့်အတွက် သောက်သုံးရေ လှိုင်လှိုင်ထွက်သည့် ချောင်းရေများ ပျက်စီးခြင်း၊ လယ်ယာမြေများ ပျက်စီးလုနီးပါးဖြစ်ခြင်းနှင့် ကျေးရွာသုံး လမ်းတံတားများ ကျိုးကျခြင်းစသည့် ထိခိုက်ပျက်စီးမှုများ ပိုမိုဆိုးရွားလာနေကြောင်း ဒေသခံများက ပြောသည်။ 

ပူတာအိုမြို့လယ်ခေါင်နှင့် ကျေးရွာအများအပြားကို ဖြတ်သန်းစီးဆင်းနေသည့် နာမ့်ထွမ်ချောင်း အထက်ဘက်၊ ပူတာအို အခြေစိုက် စစ်ကောင်စီ၏ ခ.လ.ရ (၄၆) တပ်ရင်းအနီးနှင့် အောက်ပါအင်ကျေးရွာကြားတွင် ပြီးခဲ့သည့် ဇွန်လမှစ၍ မြို့ပေါ်လုပ်ငန်းရှင်များက ဘတ်ဖိုးစက် ၅ စီးထက်မနည်း အသုံးပြုကာ ရွှေတူးဖော်နေခြင်း ဖြစ်သည်။

အဆိုပါ နာမ့်ထွမ်ချောင်း အောက်ဘက်တွင် ပူတာအိုမြို့ပေါ် ရပ်ကွက် ၅ ခုနှင့် ကျေးရွာ ၅ ရွာမှ ပြည်သူများ၏ စပါးစိုက်ဧက ထောင်နှင့်ချီ ရှိနေသည့်အတွက် ရွှေတူးဖော်မှုကြောင့် လယ်ယာမြေများ ပျက်စီးသွားမည်ကို ဒေသခံများက အထူးစိုးရိမ်နေကြသည်။

"နာမ့်ထွမ်ချောင်း အထက်ဘက်မှာ ဘတ်ဖိုးတွေနဲ့ ရွှေတူးနေတာ အခုဆို လယ်တောအစပ်အထိ ရောက်လာပြီ။ ဒီနေရာရဲ့ အောက်ဘက်မှာ စပါးစိုက်ထားတဲ့ လယ်ဧက ထောင်နဲ့ချီ ရှိတာကြောင့် ဒီလို ဆက်တူးနေရင် လယ်တွေ ပျက်စီးမှာ သေချာတယ်။ အမြန်ဆုံး တားဆီးသင့်ပါတယ်" ဟု ပူတာအို မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

အလားတူ ပူတာအိုမြို့နှင့် တစ်မိုင်ခန့်အကွာတွင် တည်ရှိသည့် မကျော့ဝါကျေးရွာတွင်လည်း ရွာနှင့်ကပ်လျက် ရွှေလုပ်ကွက် ၂ ခုအပါအဝင် ရွာတစ်ဝိုက်၌ ရွှေလုပ်ကွက် ၅ ခုထက်မနည်း စက်ယန္တရားကြီးများဖြင့် အဆက်မပြတ် တူးဖော်နေကြသည်။

ထိုသို့ စက်ယန္တရားကြီးများနှင့် ကုန်တင်ကားများ အဆက်မပြတ် သွားလာမှုကြောင့် ၂၀၂၅ ခုနှစ် ဇွန်လအတွင်းက မကျော့ဝါ ကျေးရွာထွက် အဓိက တံတားကြီး ကျိုးကျပျက်စီးခဲ့ရာ ၁ နှစ်ကျော် ကြာမြင့်သည်အထိ မည်သည့် တာဝန်ရှိသူနှင့် လုပ်ငန်းရှင်ကမျှ ပြန်လည်ပြင်ဆင်ပေးခြင်း မရှိသေးပေ။ ထို့ကြောင့် ဒေသခံများမှာ ဝါးလုံးများဖြင့် ယာယီတံတားပြုလုပ်၍ သွားလာနေရပြီး ကျောင်းသူကျောင်းသားများနှင့် အရေးပေါ် ဆေးကုသရမည့် လူနာများ သွားလာရေးအတွက် ကြီးစွာ အခက်တွေ့နေရသည်။

ဒါ့အပြင် ရွှေတူးဖော်မှုကြောင့် မကျော့ဝါချောင်းနှင့် နာမ့်ထွမ်ချောင်း ရေများမှာ နွံရေများအဖြစ် ပြောင်းလဲသွားပြီး သောက်သုံးရန်၊ အဝတ်လျှော်ရန်နှင့် လယ်ယာစိုက်ပျိုးရေးအတွက်ပါ အသုံးပြု၍ မရတော့ကြောင်း သိရသည်။

 

အဆိုပါ ရွှေတူးဖော်မှုများကို ပူတာအိုမြို့ပေါ်ရှိ လေယာဉ်ကွင်း၊ ကောင်ကထောင်နှင့် လုံးစွတ်ရပ်ကွက်တို့မှ လုပ်ငန်းရှင်အချို့က ဦးဆောင် လုပ်ကိုင်နေကြခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ပူတာအိုမြို့အထိုင် ခ.လ.ရ (၄၆) တပ်ဗျူဟာသို့ ငွေကြေးပေးကာ တူးဖော်နေကြခြင်း ဖြစ်ကြောင်း ဒေသခံများက အတည်ပြု ပြောဆိုကြသည်။

လုပ်ငန်းရှင်အချို့သည် ဒေသခံများထံမှ ခြံမြေနှင့် လယ်ယာမြေများကို ဝယ်ယူ၍ ရွှေတူးနေကြခြင်းကြောင့် ရွှေတူးဖော်မှုကို မလိုလားသည့် ဒေသခံအများစုမှာလည်း ပွင့်လင်းစွာ ကန့်ကွက်ပြောဆိုရန် ခက်ခဲသည့် အခြေအနေနှင့် ကြုံတွေ့နေရသည်။

July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...
July 20, 2026
ကချင်ပြည်၊ ပူတာအိုမြို့အခြေစိုက် ခ.လ.ရ (၄၆) ဗျူဟာတပ်မှ ခေါင်လန်ဖူးမြို့နယ် အတွင်းသို့...
July 17, 2026
မန္တလေး - မြစ်ကြီးနားလမ်းပိုင်း မော်လူးဒေသနှင့် အင်းတော် - ကသာလမ်းပိုင်း တိုက်ပွဲများအတွင်း...