အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့ ပြောပြီးနောက် မော်လမြိုင်မြို့မှာ ဆီကုန်သည်အသင်းက ရောင်းပေးတဲ့ စားသုံးဆီတွေကို စားသုံးဆီ ဝယ်ယူခွင့် စာအုပ်နဲ့သာ ရောင်းပေးတော့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း သမ္မတက မိမိတို့နိုင်ငံအနေနဲ့ နှစ်စဉ် ပြည်ပမှ စားသုံးဆီတွေကို တင်သွင်းလျက်ရှိပြီး နိုင်ငံခြားငွေတွေကို သုံးစွဲရသလို မိမိတို့ နိုင်ငံမှာ ဆီထွက်သီးနှံတွေ စိုက်ပျိုး ဖြစ်ထွန်းလျက် ရှိပေမယ့် ပြည်တွင်း တစ်ဦးချင်း ဆီစားသုံးမှုနှုန်း များပြားနေတယ်လို့ ဇူလိုင် ၂၁ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့တာပါ။
ဒါကြောင့် ဆီစားသုံးမှုကို လျှော့ချသွားရန်လိုပြီး ဆီကို လိုအပ်တာထက် ပိုမို စားသုံးမယ် ဆိုပါက လူတစ်ဦးချင်းစီရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို မိမိတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေမယ့် ဆီ အလွန်အကျွံ စားသုံးတာကို ရှောင်ကြဉ်ဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

အခုလို ညွှန်ကြားပြီးနောက် ဒေသတွင်းမှာ အရင်က အခြေခံ လူတန်းစားတွေအတွက် စားသုံးဆီကို တန်းစီစနစ်နဲ့ ရောင်းချပေးနေရာကနေ လက်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ စားသုံးဆီ ဝယ်ယူခွင့် စာအုပ် လုပ်ဆောင်ပြီးမှသာ ရောင်းချ ပေးတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ တစ်ဦးကတော့ အရင်က စားသုံးဆီကို ဆီကုန်သည်အသင်းတွေက လာရောင်းပါက တန်းစီစနစ်နဲ့ ဝယ်ယူလို့ ရပေမယ့် လက်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ စားသုံးဆီ ဝယ်ယူခွင့် စာအုပ် လုပ်ဆောင် ပြီးမှသာ ရောင်းချပေးတော့တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အရင်ကတော့ တန်းစီပေါ့၊ တန်းစီပြီးတော့ တစ်ပိဿာ ဘယ်လောက် ဆိုပြီးတော့ ကြုံတဲ့သူစီတယ်၊ အခုကျတော့ စာအုပ်နဲ့၊ အရင်တုန်းက စာအုပ် မရှိဘူးလေ၊ အခုက ဆီစာအုပ်နဲ့၊ စာအုပ် လုပ်ရတယ်၊ စာအုပ် လုပ်တာ တစ်ထောင်ပေါ့၊ စာအုပ်လုပ်ရတယ်၊ သန်းခေါင်စာရင်း မိတ္တူ နှစ်စောင်ပေါ့၊ မူရင်းပါ ယူသွားပေါ့၊ အဲဒါ မူရင်း ကြည့်ပြီးတော့ တစ်စောင်ကိုတော့ ယူထားလိုက်တာပေါ့၊ တစ်စောင်ကိုတော့ အဲဒီ စာအုပ်နဲ့ သန်းခေါင်စာရင်း မူရင်းနဲ့ ညှပ်ပေးလိုက်တာပေါ့၊ အဲဒါ တစ်လမှ တစ်ခါဘဲ ထုတ်ရမယ်၊ တစ်ခါထုတ်ရင် သုံးပိဿာ ပြီးသွားပြီးလေ အဲဒါ”လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလို စားသုံးဆီ ဝယ်ယူခွင့်အတွက် စာအုပ်စနစ် ပြုလုပ်လိုက်တာကြောင့် အမှန်တကယ် စားသုံးဆီ လိုအပ်တဲ့ အခြေခံ လူတန်းစားတွေအတွက် စာအုပ် မရှိပါက အရင်လို ဝယ်ယူလို့ မရတော့တာကြောင့် အခက်အခဲ ရှိလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒေသခံ နောက်တစ်ဦးကလည်း အခုလို စားသုံးဆီကို သက်သာတဲ့ ဈေးနဲ့ ရောင်းချပေးနေတယ်လို့ ပြောပေမယ့် လက်တွေမှာ ကန့်သတ်ချက်နဲ့ ဟန်ပြလောက်သာ ရောင်းချပြီး သူတို့ အချင်းချင်း ယူနေကြတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လူထုတွေ ပေးတယ် ဆိုတာက နည်းနည်း ဟန်ပြလောက်ပဲ ပေးလိုက်တာ၊ ဒါပေမယ့် သူတို့က ဘယ်လိုပြောမလဲ သူတို့ အချင်းချင်းပဲ ယူကြတာပဲကွာ သိတယ် ဟုတ်လား၊ အဲဒီလိုမျိုးဘဲ၊ နည်းနည်းပဲ သူတို့ သုံးလေးပုံးလောက်ကို သူတို့ ပေးပြီး ကျန်တာ သူတို့ဟာနဲ့ သူတို့ ဝေမျှပြီး ယူလိုက်ကြတာပဲ၊ ကွာတယ်လေ၊ သူတို့က ပေးတိုင်း ပေးတိုင်းကို တန်းစီ ပြီးတော့ ယူခိုင်းတာ၊ တန်းစီ ကျလို့ရှိရင် သူတို့ အဲဒီမှာ ကန့်သတ်ချက် ရှိတယ်ကွာ၊ အယောက် (၃၀) ဆို (၃၀)၊ (၂၀) ဆို (၂၀) ပေါ့၊ အဲဒီလိုမျိုး သူတို့ ကန့်သတ်ပြီးလို့ ရှိရင် နောက်လူတွေ မရတော့ဘူး ဆိုပြီး အဲဒီလိုမျိုး လုပ်တာ”လို့ ဆိုပါတယ်။
တဖက်မှာတော့ အာဏာသိမ်း စစ်တပ် အသွင်ပြောင်း စစ်အစိုးရ လက်အောက်ခံ စားသုံးသူရေးရာ ဦးစီးဌာနက စားသုံးဆီ ရည်ညွှန်း အခြေခံ လက်ကား ဈေးနှုန်း သတ်မှတ်ချက်အနေနဲ့ စားသုံးဆီ တစ်ပိဿာကို ကျပ် ၇၂၃၀ သတ်မှတ်ထားတာပါ။
ဒေသတွင်းမှာတော့ အခြေခံ စားသောက်ကုန် ဖြစ်တဲ့ စားသုံးဆီဟာ ပြင်ပ ပေါက်ဈေးအနေနဲ့ တစ်ပိဿာကို အနည်းဆုံး ကျပ် ၁၃၀၀၀ ဝန်းကျင်မှ ကျပ် ၁၅၀၀၀ ဝန်းကျင်ထိ ပေးဝယ် နေရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မော်လမြိုင်မြို့မှာတော့ စားသုံးဆီတွေဟာ ထိုင်းနိုင်ငံမှ အဓိက ဝင်ရောက်တာ ရှိပေမယ့် အခြေခံ လူတန်းစားတွေကတော့ ဆီကုန်သည် အသင်းတွေက ရောင်းချတာကို မှီခိုနေရတဲ့အတွက် အခုလို စားသုံးဆီ ဝယ်ယူခွင့်တွေကို စာအုပ်နဲ့ ကန့်သတ်လိုက်တာကြောင့် အခက်တွေ့ နေရတယ်လို့ သိရပါတယ်။







