အင်အားဖြည့်တင်းလာသည့် စစ်တပ်စစ်ကြောင်းကို AA တိုက်ခိုက်

အင်အားဖြည့်တင်းလာသည့် စစ်တပ်စစ်ကြောင်းကို AA တိုက်ခိုက်

ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင် ကာလရှည် ကြာ ပိတ်မိနေသည့် နတ်ရေကန်ဗျူဟာကုန်းသို့ ထိုးစစ်ဆင်ရန် ထပ်မံအင်အားဖြည့်တင်းလာသည့် စစ်တပ် စစ်ကြောင်းကို အာရက္ခတပ်တော် (AA) က ဒရုန်းနှင့် လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အသစ်အင်အား ဖြည့်တင်းထားသည့် အဆိုပါစစ်ကြောင်းများသည် နတ်ရေကန်သို့ ရောက်ရှိနိုင်သည့် ပဇီလမ်း ဟောင်းနှင့် ဂုတ်ကြီးလမ်းသစ်ဘက်မှတစ်ဆင့် ဇူလိုင်လ ၂၅ ရက်၊ နံနက်ပိုင်းကတည်းက ဇင်ပြွန်းမှတစ်ဆင့် ကားတန်းနှင့် ခြေလျင်စစ်ကြောင်း နှစ်မျိုးလုံးကို အသုံးပြုကာ တက်လာခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က “ပဇီရွာနဲ့ ဂုတ်ကြီးရွာရှိ သူတို့ခြေကုတ်ယူထားတဲ့ စခန်းတွေဘက်ကို တက်လာတာ။ AA က ဒရုန်း၊ လက်နက်ကြီးတွေနဲ့တိုက်ခိုက်တာ။ တောင်အောက်က တက်လာတဲ့ ကားတန်းနဲ့ စစ်ကြောင်းတွေကို ဒရုန်း၊ လက်နက်ကြီးနဲ့ တိုက်ခိုက်တယ်။ အထိအခိုက်ရှိနိုင်တယ်။ စကစဘက်ကလည်း ဒရုန်း၊ လက်နက်ကြီးတွေနဲ့ပါ ပြန်လှန်ပစ်ခတ်တယ်” ဟု ပြောသည်။

AA ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်နက်ကြီးကျည်အချို့မှာ စစ်ယာဉ်တန်းနှင့် စစ်ကြောင်းများကို ထိမှန်ခဲ့ ပြီးနောက် ဇင်ပြွန်း၊ ဆုံကုန်း၊ မစခ ၉၀၅၊ ကပစ ၁၄ နှင့် အမတ ၃၇၅ စသည့်နေရာများမှလည်း စစ်တပ်ဘက်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ကူပေးခဲ့သည်။

“အဲဒီစစ်ကြောင်းတွေနဲ့ ကားတန်းဟာ ဂုတ်ကြီးနဲ့ ပဇီဘက်သို့ ဆက်တက်သွားတယ်။ မြေပြင်က ပစ်ကူယူတယ်။ ဒရုန်းနဲ့ အားဖြည့်တိုက်ခိုက်ပြီး ဆက်တက်လာတာကိုတော့ တွေ့ရတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အလားတူ စစ်တပ်က ပိတ်မိနေသည့် နတ်ရေကန်သို့ လေကြောင်းမှ ထောက်ပို့ပစ္စည်းများ လာရောက်ချနှင်းစဉ် ကောက်ယူရန် တပ်ဖွဲ့ဝင်အချို့ ထွက်လာသည်ကို AA က လက်နက်ကြီးနှင့် စနိုက်ဘာများဖြင့် ပစ်ခတ်ခဲ့သဖြင့် ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ထိုသို့ တိုက်ခိုက်ခံရခြင်းကြောင့် ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းတွင် ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီးဖြင့် နတ်ရေကန်အနီးဝန်းကျင်သို့ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

“လေကြောင်းက ရိက္ခာထုပ်တွေ လာချရင်လည်း AA စနိုက်ဘာသမားတွေက ချိန်ကိုက်ပစ်ထားတာ။ စနိုက်ဘာ သမားတွေက စစ်သားတွေ သွားလာလှုပ်ရှားလို့မရအောင် ပစ်တာ။ စစ်သားတွေက နတ်ရေကန်မှာ ထမင်းငတ်ခံ ပြီး အရှင်ငရဲကျနေကြတာပါ။ ဒီနေ့မနက်တော့ နတ်ရေကန် အနီးဝန်းကျင်ကို ဂျက်ဖိုက်တာနဲ့ ပစ်ခတ်တာ နှစ်ကြိမ်ရှိနေပြီ” ဟု ၎င်းက ဆက်ပြောသည်။

စစ်တပ်သည် နတ်ရေကန်သို့ စစ်ကူစစ်ကြောင်းများ စေလွှတ်တိုက်ခိုက်မှုကို ဇူလိုင်လဆန်းပိုင်းက စတင်ကာ ခေတ္တရပ်နားထားခဲ့ပြီးနောက် ယခုအခါ လက်နက်နှင့် လူအင်အားများကို ထပ်မံ ဖြည့်တင်းလာခြင်းကြောင့် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခြင်း ဖြစ်သည်။

 

August 17, 2026
အာရက္ခတပ်တော် (AA) က ဝိုင်းဝန်းပိတ်ဆို့ထားသော နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးဗျူဟာသို့...
စစ်အုပ်စုတပ်သား (ပုံဟောင်း)
August 17, 2026
ရခိုင်ပြည် (အာရက္ခပြည်)၊ ကျောက်ဖြူစစ်မျက်နှာ နှစ်ခုအနက် အဝတောင်စစ်မျက်နှာတွင် အထိအခိုက် အကျ...
ဓါတ်ပုံ - ပုံဟောင်း
August 15, 2026
မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့၊ ရိုးတောင်ကျော်လမ်းပေါ်ရှိ နတ်ရေကန်သို့ ပို့ဆောင်သော စစ်အုပ်စုတပ်...
ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...