UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။

‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန် လာမည့် ဩဂုတ်လအတွင်း နေပြည်တော်သို့ သွားရောက်မည်ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး”တွင် ပါဝင်တိုက်ခိုက်ခဲ့သည့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA သည် ယခု ဇူလိုင်လ တတိယပတ်အတွင်း နေပြည်တော်သို့ သွားရောက်ပြီး စစ်အစိုးရ၏ NSPNC အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တရုတ်-မြန်မာနယ်စပ်ရှိ UWSA နှင့် MNDAA တပ်တို့လည်း နေပြည်တော် သွားရောက်ဆွေးနွေးမည့် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။  

ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်တွင် UWSA ဗဟိုဌာနချုပ်ရှိရာ ပန်ဆန်းမြို့သို့ NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနိုင် ဦးဆောင်သည့် အဖွဲ့ဝင်များ လူကိုယ်တိုင် သွားရောက်ပြီး UWSA ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

စစ်တပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုယ်စားလှယ်တို့သည် လားရှိုးမြို့တွင် လစဉ်နီးပါး တွေ့ဆုံဆွေးနွေးနေသော်လည်း နှစ်ဘက်စလုံးမှ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိဘဲ လာမည့် ဩဂုတ်လတွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်သို့ MNDAA ကိုယ်စားလှယ်များ ပထမဆုံးအကြိမ် သွားရောက်မည်ဖြစ်သည်။

လက်ရှိ MNDAA လက်အောက်တွင် ကွတ်ခိုင်၊ သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကုန်းကြမ်း၊ မုံးကိုးနှင့် ပန်ဆိုင်း(ကြူကုတ်မြို့) တို့ကို ခရိုင်(၄)ခုအဖြစ် ဖွဲ့စည်းပြီး အထူးဒေသ(၁)အဖြစ် အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည်။

အလားတူ “၁၀၂၇ စစ်ဆင်ရေး”တွင် ‘ဝ’တပ်ဖွဲ့ UWSA တိုက်ရိုက်ပါဝင်ခြင်း မရှိသော်လည်း ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်ရရှိခဲ့သည့် ဟိုပန်နှင့် ပန်လုံမြို့သို့ကို လွှဲပြောင်းရယူခဲ့ပြီး ဟိုပန်ခရိုင်အဖြစ် UWSA ဘက်မှ အဆင့်တိုးမြှင့်ပြီး အုပ်ချုပ်ရေးယန္တရား တည်ဆောက်နေသည်။

TNLA လက်အောက်တွင်လည်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံနှင့် နမ့်ခမ်းမြို့တို့၌ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်လျက်ရှိပြီး စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုအတွင်း “တအာင်း(ပလောင်)ပြည်နယ်” ဖွဲ့စည်းပေးရန် TNLA ဘက်မှ တောင်းဆိုခဲ့ကြောင်း ပေါက်ကြားလာသည့် ဆွေးနွေးပွဲမှတ်တမ်းများအရ သိရသည်။

ထို့ကြောင့် TNLA နည်းတူ UWSA နှင့် MNDAA ဘက်မှ နေပြည်တော် သွားရောက်ပြီး စစ်အစိုးရထံ ပြည်နယ်ရရှိရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုးချဲ့နယ်မြေများကို နိုင်ငံရေးအရ အသိအမှတ်ပြုခံရရေး ဆွေးနွေးလာနိုင်ခြေရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

July 24, 2026
သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်က ဒရုန်းအပြင်...
July 22, 2026
ရွှေ၊ သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် “ဝ” တပ်...
July 21, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ အုတ်တွင်းကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့်...
July 20, 2026
စစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ လာအိုနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အပြီးတွင် မြန်မာ-...