မော်ခီးအခြေစိုက် စစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက် သိမ်းပိုက်

မော်ခီးအခြေစိုက် စစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက် သိမ်းပိုက်

မြဝတီခရိုင်၊ ဝေါ်လေမြို့နယ်ခွဲ၊ မောခီးကျေးရွာအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ-၃၂) စခန်း ကို ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၆) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ၂၀၁ တပ်ရင်းနှင့် ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ ညနေ ၅နာရီအချိန်ခန့်တွင် ဝင်ရောက် သိမ်းပိုက် လိုက်ကြောင်း KNLA ဘက်က အတည်ပြု ပြောဆိုသည်။

မောခီးအခြေစိုက် ခလရ-၃၂ တပ်ရင်းစခန်း နှင့် ၎င်းတပ်ရင်းကို လာရောက် လုံခြုံရေး ပေးနေသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း(ခမရ-၅၅၅ )စစ်ကြောင်း(၂) တပ်ဖွဲ့ကို ယနေ့ နံနက်ပိုင်းအချိန်မှစ၍ KNLA ၂၀၁ တပ်ရင်း နှင့် မကြာသေးခင်က KNLA နှင့် လာရောက်ပူးပေါင်းသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် -DKBA တပ်မှူးဟောင်း ဗိုလ်စောနော်ခူးတို့ ပူးပေါင်း တပ်ဖွဲ့ဝင်များမှ ဝင်ရောက် တိုက်ခိုက်ရာ ယနေ့ ညနေ ၅နာရီဝန်းကျင်တွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KNLA ၂၀၁ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောဘူးဖောက ယခုလို ပြောသည်။

“မောခီးစခန်းကို ကျနော်တို့ လူတွေ မနက်ကတည်းက သွားပစ်တာ ၅ နာရီလောက်ကြတော့ အဲ့စခန်းကျသွား တာပဲ။ အခုတော့ စခန်းကို ရှင်းလင်းနေတုန်းပဲ။ ဒါပေမဲ့ ကနယ်လေးဘက်ကတော့ ၁၂၀ နဲ့ လှမ်းလှမ်းပစ်နေ တုန်းပဲ။ အချက်ပေါင်း တစ်ဆယ် နှစ်ဆယ်လောက်ရှိပြီး။” ဟု ဒုတိယဗိုလ်မှူးကြီး စောဘူးဖောက ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ မောခီးစခန်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၈ ဦးခန့်ရှိနေပြီး လတ်တလောအချိန်ထိ လက်နက်ခဲယမ်း သိမ်းဆည်းရမိမှု အခြေအနေနှင့် ထိခိုက်သေဆုံးမှု အခြေအနေကို အသေးစိတ်မသိရှိရသေးသော်လည်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မူ ထိခိုင်သေဆုံးမှု မရှိကြောင်းလည်း KNLA ၂၀၁ တပ်ရင်းမှူးက ဆက်ပြောသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၁၃ရက်နေ့က အဆိုပါ ခြေမြန်တပ်ရင်း (ခမရ-၅၅၅) နှင့် ခြေလျင်တပ်ရင်း (ခလရ-၃၂) မှစခန်းမှူး ၊ ဒုစစ်ကြောင်းမှူး နှစ်ဦးအပါအဝင်း ၎င်းတို့ကို လုံခြုံရေး လိုက်ပါ ရယူပေးသည့် တပ်သား နှစ်ဦးကို လည်း KNLA တပ်ရင်း ၂၀၁နှင့် ပူးပေါင်း တပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သေးသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...