ဖလူးဒေသတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်းကျဆုံးပြီး လက်နက်ကြီးငယ်အချို့ KNLA သိမ်း ဆည်းရရှိ

ဖလူးဒေသတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်းကျဆုံးပြီး လက်နက်ကြီးငယ်အချို့ KNLA သိမ်း ဆည်းရရှိ

ဖလူးဒေသတွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ် ဖွဲ့နှင့် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်ဖွဲ့အကြားတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ ဦး ထက်မနည်းကျဆုံးကာ လက်နက်ကြီးငယ်တချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း စစ်ဆင်ရေးကို ဦးဆောင်သူ တပ်မှူး တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

စစ်ဆင်ရေးဦးဆောင်သူ KNLA ပူးပေါင်းတပ်ဖွဲ့မှ တပ်မှူးဗိုလ်ကြီး စောဒါဘောက “သူတို့ဘက်က သေတာကတော့ အတိအကျတော့မသိရသေးဘူး။ ဒါပေမဲ့ ခန့်မှန်းမိသလောက်တော့ ၁၀ယောက်တော့ ကျော်တယ်။ ကျနော်တို့ တက်ပစ်တာ အဲ့မှာတော်တော်များထိတာပဲ။ တချို့က အလောင်းပြန် ကောက်သွားနိုင်တယ်တော့ အကုန်မတွေ့ လိုက်ရဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုအပြင် စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်များခြေကုပ်ရယူထားသော လက်နက်ကြီးပစ် စခန်းကုန်းအပါအဝင် ဖလူးဒေသတစ်ခုလုံးကို တက်ရောက်ရှင်းလင်းခဲ့ရာတွင် ၆၀ မမ၊ RPG နှစ်လက်၊ လက်နက်ငယ် နှစ်လက်နှင့် ကျည်ဆံများ၊ လက်နက်ကြီးကျည်များသိမ်းဆည်းရမိသည်ဟု KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

ဒေသခံ ပြည်သူများပြောင်းချိုးရာသီဖြစ်၍ ပြောင်းပြန်ချိုးမည့် ဒေသခံစစ်ဘေးရှောင်များအပေါ် ဖလူးဒေသတွင် ခြေကုပ်နေရာယူထားသည့် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင်များက ပြန်လည်ဝင်ရောက် လုပ်ကိုင်ခွင့်မပေးဘဲ ပိတ်ပင်တားမြစ်မှုများပြုလုပ်ခြင်းအပေါ် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များမှ နယ်မြေဝင်ရောက်ရှင်းလင်းမှုပြုလုပ်ခဲ့ ခြင်းဖြစ်သည်ဟု ဗိုလ်ကြီး စောဒါဘောက ဆက်ပြောသည်။

“ကျနော်က သွားပစ်ချင်လို့ ပစ်တာမဟုတ်ဘူး။ အဲ့မှာ ပြောင်းခင်းလုပ်နေတဲ့ ဒေသခံတွေကို ပေးမလုပ်ဘူး။ လိုက် ပိတ်ထားတာ။ ရွာသားတွေက လာပြောတော့ ကျနော်လည်း တက်ရှင်းပေးတာပေါ့။ အဲ့ကုန်းက BGF ပဲ အနေများ တာ။ ကျနော်သူတို့ကို ပြောတယ်။ ကျနော့်ကို မပစ်နဲ့ ပြန်ဆင်းလို့ စစ်တပ်ပဲထားခဲ့လိုက်၊ စစ်တပ်ပဲ ဝင်ပစ်မယ်လို့ ပြောသေးတယ်။ သူတို့က မပြန်ဘဲ ကျနော်တို့ကို တစ်နေကုန်ပစ်နေတာ့ ပြန်ပစ်ရတာပေါ့။”ဟု ဗိုလ်ကြီးစောဒါဘောက ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုရှိသော်လည်း ၎င်းတို့ပူးပေါင်းတပ်ဖွဲ့ဝင်ဘက်တွင်မူ တပ်ဖွဲ့ဝင်တချို့ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိမှုမှလွဲ၍ ကျဆုံးသူတစ်ဦးတစ်ယောက်မျှမရှိကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

ယမန်နေ့ တိုက်ပွဲ ဖြစ်ပွားရာ နေရာများတွင် မွန်းလွဲ ၃ နာရီအချိန်ခန့်က စစ်ကောင်စီဘက်မှ ရဟတ်ယာဥ် ၂ စီးဖြင့် လာရောက် ပစ်ခတ်ခဲ့မှုများ လုပ်ဆောင်သွားသဖြင့် ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဘုရား ကျောင်းနှင့် လူနေအိမ်အဆောက်အဦးအချို့လည်း ထိခိုက်ပျက်စီးမှုရှိသည်ဟု ကျေးရွာတာဝန်ရှိသူများက ပြောသည်။

ထိုတိုက်ပွဲကြောင့် စစ်ဘေးရှောင် နေရသူများ ထိုင်းနိုင်ငံဘက်အခြမ်းသို့ကူးကာ တိမ်းရှောင်နေကြရပြန်ပြီး လက်ရှိအချိန်တွင် အချိန်အခါ မဟုတ် မိုးရွာသွန်းနေသည့်အတွက် အမိုးအကာ နှင့် နေရာထိုင်ခင်း အခက်အခဲများရှိနေကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများ၏ ပြောပြချက်အရ သိရသည်။

တိုက်ပွဲအပြီး စစ်ကောင်စီဘက်မှ လေယာဉ်ဖြင့် ပြန်လည်းတုန့်ပြန်ပစ်ခတ်ခဲ့သော်လည်း ဖေဖော် ဝါရီလ ၁၇ ရက်နေ့တွင်မူ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဘဲ အခြေအနေ တည်ငြိမ်နေသေးကြောင်းနှင့် စစ်ကောင်စီ ဘက်မှ တပ်အင်အား အပြည့်ဖြင့် ပြန်လည်ဝင်ရောက်မည်ဟု သတင်းများရရှိထားသော်လည်း ဝင်ရောက်လာခြင်း မရှိသေးကြောင်း မြေပြင်သတင်းများအရ သိရသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...