တောင်ကြီးမြို့နယ် NLD ပါတီ အမျိုးသမီး ကော်မတီ ဥက္ကဌ ဒေါ်ဝင်းဝင်းနွယ် ဖမ်းဆီးခံရ

တောင်ကြီးမြို့နယ် NLD ပါတီ အမျိုးသမီး ကော်မတီ ဥက္ကဌ ဒေါ်ဝင်းဝင်းနွယ် ဖမ်းဆီးခံရ

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်တွင် နေထိုင်သည့် တောင်ကြီးမြို့နယ် NLD ပါတီ အမျိုးသမီး ကော်မတီ ဥက္ကဌ ဒေါ်ဝင်းဝင်းနွယ်ကို စစ်ကောင်စီက အင်အားသုံး ဖမ်းဆီးသွားကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

"ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၁၂ ကျော်အချိန်မှာ သူ့ရဲ့နေအိမ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လာဖမ်း ခေါ်သွားတာပါ။ အဲ့အိမ်မှာက အဖမ်းခံခဲ့ရတဲ့ မနွယ်နဲ့ သူ့အမျိုးသားဘဲနေတာ၊ မနွယ်ကိုဘဲ ဖမ်းသွားတယ်။ သူ့အမျိုးသား ကိုတော့ မဖမ်းသွားဘူး။ အာဏာသိမ်းပြီးကတည်းက သူ့စီးပွားရေးဖြစ်တဲ့ မြေထည်တွေ ပန်းအိုးတွေနဲ့ ပျိုးပင်လေးတွေ ရောင်းနေတာပါ။ ဘာကြောင့် ဖမ်းတာလဲတော့ အခုထိ မသိရသေးဘူး” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဝင်ရောက် ဖမ်းဆီးရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပါအဝင် စစ်ထောက်လှမ်းရေးနှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ကျော်ခန့်က အိမ်အရှေ့နှင့် အနောက်ကို ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အရင်ထဲက စောင့်ကြည့်နေတယ်လို့ ထင်တယ်။ တောင်ကြီးမှာ မပြေးပဲ ကျန်တာ ၁၇ ရက်နေ့ ဖမ်းဆီးခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းငွေ ရယ် အန်တီ မနွယ်ရယ်ပဲ ကျန်တာ။ ဒေါ်သန်းငွေ အဖမ်းခံရပြီး လေး ရက်အကြာမှာ အန်တီမနွယ်ကို လာဖမ်းတာပါ။ အစကတော့ နှစ်ရက်လောက် ရှောင်နေသေးတယ်။ အိမ်ရဲ့ စီးပွားရေး ရှိနေတာရယ် သူ့ကြောင်တွေကို သူမခွဲချင်ဘူး၊ ဖမ်းလည်း ခံလိုက်တော့မယ် ဆိုပြီး အိမ်ပြန်သွားတာ၊ အဲ့မှာ အဖမ်းခံရတာပါ” ဟု မိသားစုဝင် တစ်ဦးက ပြောသည်။

စစ်ကောင်စီက NLD ပါတီ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေကို ဖမ်းဆီးသွားပြီးနောက် လေး ရက်အကြာတွင် မြို့နယ်ဥက္ကဌဖြစ်သူ ဒေါ်ဝင်းဝင်းနွယ်ကို ထပ်မံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

The First News နှင့် First Weekly News ဂျာနယ် သတင်းထောက်ဟောင်းဖြစ်သူ တောင်ကြီးမြို့နယ် NLD ပါတီ အမျိုးသမီး ကော်မတီ ဥက္ကဌ ဒေါ်ဝင်းဝင်းနွယ် (ခ) မနွယ်သည် မုဒိန်းမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ နယ်စပ်တွင် ပြန်ပေးဆွဲခံရမှု စသည့် အမျိုးသမီးများနှင့် ပတ်သက်သည့် ကိစ္စများစွာတွင် ကူညီခဲ့သူဖြစ်ကြောင်း တောင်ကြီးမြို့ နိုင်ငံရေး အသိုင်းအဝိုင်းမှ သိရသည်။

လက်ရှိအချိန်အထိ ဒေါ်ဝင်းဝင်းနွယ်ကို မည်သည့် နေရာတွင် ဖမ်းဆီးထားကြောင်း မသိရှိရသေးပေ။

ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...
March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...