စစ်တွေမြို့မစျေးတွင် စည်ပင်ဝန်ထမ်းနှင့် စျေးသည်အချို့ရုန်းရင်းဆန်ခတ်ဖြစ်ပွား

စစ်တွေမြို့မစျေးတွင် စည်ပင်ဝန်ထမ်းနှင့် စျေးသည်အချို့ရုန်းရင်းဆန်ခတ်ဖြစ်ပွား

စစ်တွေမြို့မစျေးကြီးတွင် စျေးမရောင်းရနယ်မြေအဖြစ်သတ်မှတ်ထားသည့်နေရာတွင် ဈေးရောင်းချနေသူများကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက စည်ပင်ဝန်ထမ်းတားဆီးစဉ် စျေးသည်အချို့ နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းသို့ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ် စစ်တွေမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဒုဦးစီးနှင့် ဝန်ထမ်းတစ်ဦးတို့မှာ မျက်နှာတွင် ကုတ်ခြစ်ဒဏ်ရာ၊ လက်နှင့်ကျောကုန်းတွင် ရောင်ရမ်းဒဏ်ရာများရရှိခဲ့ကြောင်း ဖြေရှင်းရာတွင်ပါဝင်ခဲ့သည့် အမည်မဖော်လိုသော စည်ပင်ဝန်ထမ်းတစ်ဦးက ပြောသည်။

“ဒီနေရာမှာ ဈေးမရောင်းရတဲ့အတွက် ဈေးသည်တွေကို ဈေး(၁)နေရာဘက်ကို ပြောင်းပေးထားပါတယ်။ ဒီလမ်းကိုရှင်းစေချင်လို့ပါ။ ဒါပေမဲ့သူတို့က ဒီနေရာမှာပြန်လည်ပြီး ဈေးရောင်းနေကြတယ်။ ဈေးဆက်မရောင်းဖို့အသိပေးခဲ့ပြီး အခြားဘက်တွေကိုလှည့်စစ်ဆေးရာကပြန်လာချိန်မှာ သူတို့ကဈေးဆက်ရောင်းနေတာမို့ ပစ္စည်းတွေသိမ်းခဲ့တယ်။ အဲဒီအချိန်မှာပဲ ဈေးသည်က စည်ပင်ဝန်ထမ်းတွေကို ထီးအရိုးသံတုတ်နဲ့ရိုက်တာ”ဟု ၎င်းက ပြောသည်။

ယင်းသို့ စျေးမရောင်းရနေရာတွင် စျေးရောင်းချ၍ စည်ပင်ဝန်ထမ်းနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် ဈေးသည်အမျိုးသမီးနှစ်ဦးကို စစ်တွေမြို့အမှတ်(၁)ရဲစခန်းတွင် ပုဒ်မသုံးခုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

စစ်တွေမြို့မဈေးအတွင်းဈေးရောင်းနေသည့် အမျိုးသမီးတစ်ဦးက “သူတို့ကို ဆိုင်ခန်းနေရာအသစ်တွေချထားပေးတာကို အဲ့ဒီဆိုင်ခန်းတွေကိုရောင်းပြီး ဒီလမ်းပေါ်မှာပဲ ဈေးပြန်လာရောင်းတယ်။ ဒါကို စည်ပင်ကမရောင်းဖို့ပြောတော့လည်း မရဘူး။ ဒီနေ့ဖြစ်ရပ်က စည်ပင်က သူတို့သစ်သီးဗန်းကိုသိမ်းယူချိန် ဈေးသည်နှစ်ယောက်က စည်ပင်ဝန်ထမ်းတွေကိုရိုက်တာ”ဟု ပြောသည်။

စည်ပင်ဝန်ထမ်းကိုရိုက်နှက်ခဲ့သည်ဆိုသော စျေးသည်အမျိုးသမီးနှစ်ဦးကို စစ်တွေမြို့မရဲစခန်းတွင် (ပ)၂၉၀/၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၃၂ (တာဝန်ဝတ္တရားနှောက်ယှက်မှု)၊ ပုဒ်မ ၂၉၄(ဆဲဆိုမှု)၊ ပုဒ်မ ၁၁၄(ပူးပေါင်းပါဝင်ကြံစည်မှု)တို့ဖြင့် အမှုဖွင့်ထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းသို့အမှုဖွင့်ခံထားရသည့် စျေးသည်နှစ်ဦး၏ တုန့်ပြန်ချက်ကို ရရှိနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

စစ်တွေမြို့ဒေသခံတစ်ဦးဖြစ်သူ ဦးခိုင်ကောင်းစံက စျေးရောင်းချသူများအနေဖြင့် သတ်မှတ်ထားသည့်နေရာများတွင် ဈေရောင်းချစေလိုကြောင်း ပြောသည်။

“စျေးရောင်းချသူတွေအနေနဲ့လည်း စည်းကမ်းရှိဖို့လိုသလို ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကိုလည်း လိုနာဖို့လိုပါတယ်။ ဒီနေ့အဖြစ်အပျက်က မဖြစ်သင့်တဲ့ကိစ္စမို့ ထိထိရောက်ရောက် ဒီကိစ္စကိုကိုင်တွယ်ဖို့လိုမယ်”ဟု ၎င်း၏အမြင်ကိုပြောသည်။

စစ်တွေမြို့မစျေးတွင် စျေးရောင်းချသူများအနေဖြင့် စျေးရှေ့၊ စျေးလမ်းတို့တွင် ရေမြောင်းကျော်ပြီးဈေးမရောင်းချရန်၊ လက်တွန်းလှည််းဖြင့် ဈေးရောင်းချခြင်းမပြုလုပ်ရန်နှင့် ပြုလုပ်ပါကဒဏ်ကြေးငွေ ကျပ်သုံးသောင်းပေးဆောင်ရမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီမှ နိုဝင်ဘာလ ၂၃ ရက်နေ့က သတိပေးစာဗီနိုင်းများ ဈေးရှေ့တွင်ကပ်ထားသည်။

ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...