ထိုင်းဝန်ကြီးချုပ်နှင့် CIA ဒုတိယ ညွှန်ကြားရေးမှူးတို့ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေး

ထိုင်းဝန်ကြီးချုပ်နှင့် CIA ဒုတိယ ညွှန်ကြားရေးမှူးတို့ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေး

အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA ဒုတိယ ညွှန်ကြားရေးမှူး ဒေးဗစ် ကိုဟန်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပရာယွတ် ချန်အိုချာတို့သည် သောကြာနေ့က တံခါးပိတ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထို တွေ့ဆုံမှု၌ မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေနှင့် ထိုင်းနိုင်ငံမှနေ၍ လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးပို့နိုင်ရေးတို့ အပါအဝင် အရေးကိစ္စ တော်တော်များများကို ဆွေးနွေးခဲ့ကြဖွယ် ရှိသည်ဟု ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသည်။

မကြေညာသော အဆိုပါ တွေ့ဆုံမှု၌ ဗိုလ်ချုပ်ကြီး ပရာယွတ်သည် အစိုးရအိမ်တော်၌ ကိုဟန်အား လက်ခံတွေ့ဆုံရာတွင် အချိန် ၄၅ မိနစ်ခန့် ကြာမြင့်သည်ဟု သတင်းရင်းမြစ်တစ်ရပ်က ပြောသည်။ အစည်းအဝေးသို့ မီဒီယာများအား ပိတ်ပင်ထားသည်။

ဒေသတွင်း လုံခြုံရေး၊ မြန်မာနိုင်ငံက အခြေအနေများနှင့် မြန်မာနိုင်ငံသို့ အကူအညီများ ပေးအပ်ရေးတို့ကို ၎င်းတို့နှစ်ဦးက ဆွေးနွေးခဲ့သည်ဟု အဆိုပါ အစိုးရအိမ်တော် သတင်းရင်းမြစ်က ပြောသည်။

ထိုပြင် စီးပွားရေး ဘေးကင်းစိတ်ချရမှု၊ ထိုင်း-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်နှင့် လာမည့်နှစ်၌ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု Apec အဖွဲ့၏ ဖိုရမ်အား ထိုင်းနိုင်ငံက သဘာပတိမူ ကျင်းပချိန်၌ အမေရိကန်၏ ထောက်ပံ့ကူညီမှုများအရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

“သူတို့က နိုင်ငံရေး၊ စီးပွားရေးနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ခြုံငုံဆွေးနွေးခဲ့ကြတာ ဖြစ်တယ်၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ပြုမှု သဘောတူညီချက် CPTPP တွေနဲ့ ပတ်သက်ပြီးတော့ မဆွေးနွေးခဲ့ပါ”ဟု ယင်း သတင်းရင်းမြစ်က ပြောသည်။

ကိုဟန်အနေဖြင့် ထိုင်းနိုင်ငံမှ ထွက်ခွာပြီးနောက် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံ နိုင်ငံများစွာသို့ သွားရောက်ရန် ရှိသည်ဟု ယင်း သတင်းရင်းမြစ်က ဆိုသည်။

အစိုးရအိမ်တော်တွင် ကိုဟန်နှင့် ဗိုလ်ချုပ်ကြီး ပရာယွတ်တို့ တွေ့ဆုံခဲ့ကြောင်းကို အမျိုးသား လုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ဆူပေါ့ မာလာနီယွမ်က နောက်ပိုင်းအချိန်၌ အတည်ပြုသည်။ သို့ရာတွင် ထိုင်းနှင့် အခြားသော အာဆီယံနိုင်ငံများကြား လုံခြုံရေးဆက်ဆံမှု တိုး၍ ခိုင်မာစေရေးကို ဦးတည်ချက်ထား ဆွေးနွေးခဲ့သည်ဟု ၎င်းက ပြောသည်။

သတင်းအချက်အလက် ဖလှယ်ရေးနှင့် အမေရိကန်ထောက်လှမ်းရေးနှင့် ထိုင်းထောက်လှမ်းရေးတို့ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရေးတို့အတွက်  CIA အမှုဆောင်အရာရှိတစ်ဦး တစ်နှစ်လျှင် တစ်ကြိမ် ထိုင်းနိုင်ငံသို့ လာရောက်သည်က ပုံမှန်လုပ်ဆောင်နေကြပင် ဖြစ်သည်။

ယခု ကိုဟန်သည် ထိုင်း ဒုတိယဝန်ကြီးချုပ် ပရာဝစ် ဝေါင်ဆူဝန်နှင့် ဗိုလ်ချုပ်ကြီး ဆူပေါ့တို့နှင့်ပါ သီးခြားတွေ့ဆုံခဲ့ကြောင်း သိရသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...