အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို နေရာ ၃ ခုတွင် MNDAA တိုက်ခိုက်

အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို နေရာ ၃ ခုတွင် MNDAA တိုက်ခိုက်

မြန်မာ-တရုတ် နယ်စပ် ပန်ဆိုင်း (ကြူကုတ်) မြို့၊ မုံးကိုးမြို့နှင့် လွယ်ဂျုံတောင် စသည့်နေရာ ၃ ခုတွင် ယနေ့နံနက်ပိုင်းကစတင်ပြီး စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲပြန်လည်ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ ၁၈ ရက် ယနေ့ နံနက် ၈ နာရီမှ စတင်ပြီး ပန်ဆိုင်း (ကြူကုတ်) မြို့အထွက် ဖိုင်ကောင်းရွာနှင့် နမ့်ဟူးရွာကြား၊ မုံးကိုးမြို့အနီး နော့ဂူရွာနှင့် နမ့်ဆူရွာကြား၊ လွယ်ဂျုံတောင် စသည့် နေရာများတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

“အသံကြားနေတယ်။ အခုလက်ရှိကို ဖြစ်နေတယ်။ ကျွန်တော်တို့က စစ်ရှောင်စခန်းဘက်ရောက်နေပြီ။ ရွာမှာ မနေတော့ဘူး။ ရွာမှာ ပိတ်မိနေတဲ့ သူတွေ ရှိနေသေးတယ်။” ဟု နေ့လည် ၁၂ နာရီကျော်ထိ တိုက်ပွဲ ပြင်းထန်ဆဲဖြစ်ကြောင်း နမ့်ဆူရွာခံတစ်ဦးက‌ ပြောသည်။

အဆိုပါတိုက်ပွဲများကြောင့် ဒေသခံတချို့မှာ ဘေးလွတ်ရာကို မထွက်ပြေးနိုင်သေးဘဲ ပိတ်မိနေဆဲဖြစ်သည်ဟု သိရသည်။

ယခု တိုက်ပွဲဖြစ်ပွားနေသော စစ်ကောင်စီ စစ်ကြောင်းမှာ စက်တင်ဘာ ၁၆ ရက်ညနေပိုင်းက တင့်ကားအပါအဝင် စစ်ကား ၄၀ ကျော်ဖြင့် ပန်ဆိုင်းမြို့သို့ ရောက်ရှိလာသောအဖွဲ့ဖြစ်သည်ဟု သိရပြီး အဆိုပါ စစ်ကားများကို ပန်ဆိုင်းမြို့တွင်ချန်ထားပြီးနောက် ခြေကျင်ဖြင့် မုံးကိုးသို့ ဆက်လက်ချီတက်လာခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။

“ဒီ ပန်ဆိုင်းဘက်က စဖြစ်တာက ဒီမနက် ၈ နာရီခွဲ လောက်ကစဖြစ်တာ ကြိုကြားကြိုကြားဖြစ်တာနဲ့ ဆိုရင် ၁၁ နာရီ ၄၅ လောက်ထိ ဖြစ်တယ်။ ကားနဲ့တင့်ကား မပါဘူး ခြေလျင်” ဟု ပန်ဆိုင်းအနီးနားက ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲများတွင် TNLA နှင့် AA တပ်ဖွဲ့များပါဝင်သည်ဟု ဒေသခံများ ပြောဆိုနေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိခဲ့ပါ။

ရှမ်းမြောက် တရုတ်နယ်စပ် ပန်ဆိုင်း (ကြူကုတ်)၊ မုံးကိုးမြို့ ဖောင်းဆိုင်းစသည့်နေရာများတွင် ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကစတင်ပြီး စက်တင်ဘာလ ၅ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တပ်တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် ပြန်လည်ငြိမ်သက်သွားသည်။

အဆိုပါတိုက်ပွဲများအတွင်း ဩဂုတ်လ ၂၈ ရက်ကနေ ဩဂုတ်လ ၃၀ ရက်နေ့အထိ ၃ ရက်သာ ပြင်းထန်တိုက်ပွဲတွင်ပင် ကိုးကန့် MNDAA ဘက်မှ ၂ ဦးကျဆုံးပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး ၈၀ ကျော် ကျဆုံးကြောင်း ကိုးကန့်သတင်းနဲ့ ပြန်ကြားရေးဌာနဘက်မှ သိရသည်။

ထို့သို့ ၂ ပတ်သာ တိုက်ပွဲငြိမ်သက်ခဲ့ပြီးနောက် စက်တင်ဘာ ၁၆ ရက်ညနေပိုင်း စစ်ကောင်စီတင့်ကား ၂ စီးအပါအဝင် စစ်အင်အား ရာချီပါဝင်သော စစ်ကြောင်းသည် ပန်ဆိုင်းမြို့သို့ ရောက်ရှိလာခဲ့ပြီးနောက် ယနေ့ နံနက်ပိုင်းကစတင်ပြီး တရုတ်မြန်မာနယ်စပ် ပန်ဆိုင်းမြို့နယ်ခွဲနှင့် မုံးကိုးမြို့နယ်ခွဲတို့တွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာနေခြင်းဖြစ်သည်။

တိုက်ပွဲများကြောင့် ပန်ဆိုင်းမြို့နယ်ခွဲနှင့် မုံးကိုးမြို့နယ်ခွဲရှိ စစ်မြေပြင်ဖြင့် နီးကပ်သော ကျေးရွာပေါင်း ၁၀ ခုမှ ဒေသခံ ၂၀၀၀ ကျော်မှာ လက်ရှိတွင် နယ်စပ်တွင် ယာယီတဲများဖြင့် ထွက်ပြေးခိုလှုံနေရဆဲဖြစ်သည်။

 
 

 

 

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...