ပူတာအိုဒေသတွင် စပါးဖျက်နှံကောင်များကို နှိမ်နင်းမည့်နည်းလမ်း အကူညီလိုအပ်နေ

ပူတာအိုဒေသတွင် စပါးဖျက်နှံကောင်များကို နှိမ်နင်းမည့်နည်းလမ်း အကူညီလိုအပ်နေ

ကချင်ပြည်နယ် ပူတာအိုဒေသတွင် စပါးဖျက်နှံကောင်ကျရောက်ပြီး ဒေသခံပြည်သူများ၏ တောင်ယာစပါးဧကအများစု ဖျက်ဆီးခံရသောကြောင့် ကာကွယ်နှိမ်နင်းရန် နည်းလမ်းအကူညီလိုအပ်နေသည်ဟု သိရသည်။

အထူးသဖြင့် ပူတာအိုမြို့နယ်နှင့် ဆွမ်ပရာဘွမ်မြို့နယ်တစ်လျှောက် တောင်ယာများတွင် ဖြစ်ပေါ်နေခြင်းဖြစ်ကာ ပြီးခဲ့သည့် ဩဂုတ်လမှစတင်ကာ စပါးဖျက်အကောင် ပိုမိုများလာသည်ဟု လုံရှာယန်ဒေသခံတစ်ဦးက KNG ကို ပြောသည်။

“ရာသီဥတုကြောင့်နဲ့ မိုးကြောင့်ပြောရမလား၊ နဂိုကတည်းက စပါးအထွက်မကောင်းတဲ့ကြား ဒီစပါးဖျက်နှံကောင်က အရမ်းများလာပြီး အကုန်ဖျက်ဆီးပေးလိုက်တာ ဟုတ်တယ်။ တချို့တောင်ယာဆို စပါး တစ်တင်းခွဲ အဲလောက်ပဲရတယ်။ အရင် တစ်ခါမှမဖြစ်ဖူးဘူး။ စပါးဖျက်နှံကောင်တွေ အများကြီးပဲ။ ကျနော်တို့ ရိုက်သတ်နိုင်တာက နည်းနည်းပဲ။” ဟု ပူတာအို လုံရှာယန် ဒေသခံတစ်ဦးပြောသည်။

လုံရှာယန်တွင် အိမ်ထောင်စုအားဖြင့် ၉၂ စုရှိပြီး ၎င်းတို့မှာ တောင်ယာနှင့် လယ်ယာခင်းကိုသာ မှီခိုနေရသောကြောင့် လက်ရှိတောင်ယာမှ ပိုးများ လယ်ယာကို ကူးစက်မည်ကိုလည်း ထပ်မံပူပန်နေရသည်ဟု ဆိုသည်။

ထို့ကြောင့် စိုက်ပျိုးရေးကိုသာ အားကိုးပြီး အသက်မွေးဝမ်းကြောင်းပြုနေရသော ပူတာအို လုံရှာယန်ပြည်သူများသည် ယခုလိုအဖြစ်အပျက် ကြုံတွေ့ပြီးနောက် နောက်ဆက်တွဲ စိုက်ပျိုးရေးလုပ်ငန်းဖြင့် ဆက်လက်ရပ်တည်မည့်အရေး တွေးပူနေကြသည်ဟု သိရသည်။

“အရင်မဖြစ်ဖူးတာဆိုတော့ စိုက်ပျိုးရေးလုပ်လို့ မရတော့မှာ အရမ်းစိုးရိမ်တယ်။ ပြီးတော့ တောင်းဆိုချင်တာတစ်ခုက ဒီစပါးဖျက်နှံကောင်တွေကို ဘယ်လိုကာကွယ်နှိမ်နင်းနိုင်သလဲပေါ့။ ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ နည်းလမ်းတော့ လိုအပ်လာလိမ့်မယ်။ ပိုးသတ်ဆေးပဲသုံးရင်လည်း မဖြစ်ဘူး။” ဟု လုံရှာယန် ဒေသခံတစ်ဦး ပြောသည်။

မြစ်ကြီးနား-ပူတာအို လမ်းပိုင်းနှင့် အင်ဂျန်ယန် စသည့်ဒေသများတွင် ယခုနှစ်မှစတင်ကာ စပါးဖျက်ပိုးကောင်၊ နှံကောင်နဲ့ ကြွက် အလွန်များပြားလာပြီး ဒေသခံပြည်သူများ၏ စပါးခင်း၊ တောင်ယာများကို ဖျက်ဆီးနေခြင်းဖြစ်သည်။

 
 

 

 

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...