ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုး ဖောင်းဆိုင်ဘက်ရှိ စစ်ကောင်စီအတွက် ရိက္ခာသယ်ဆောင်လာ ကားတစ်စီးသည် နမ့်တောင်းနဲ့ ပန်ဆိုင်း (ကြူကုတ်) ကြား လုံခန်ရွာအကွေ့တွင် ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း သိရသည်။
ရိက္ခာမှာ စစ်ကောင်စီ၏ ပိုင်ဆိုင်မှုဖြစ်သော်လည်း ကားမှာ အရပ်သားကားဖြစ်ပြီး စစ်ကောင်စီက ချောဆွဲကာ ပို့ဆောင်ခိုင်းခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။
“ဆန်တင်တဲ့ တရုတ် တုံဖုန်းကား အသေးပါ။ ကားမောင်းတဲ့သူလဲ အဲကားထဲမှာ သေဆုံးနေတယ်။ စစ်ကားတော့မဟုတ်ဘူး။ ကားတော့ လဲသွားတာ။ ဆန်တင်ထားတာမြင်တယ်။” ဟု အဆိုပါလမ်းကနေ ဖြတ်လာသူ မျက်မြင်တစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီရိက္ခာသယ်ကား ပစ်ခတ်မှုတွင် ကိုးကန့်တပ်များကိုတွေ့ရပြီး အနီးတစ်ဝိုက်တွင် TNLA တပ်များသွားလာသည်ကိုလည်း တွေ့ရသည်ဟု ဒေသခံတစ်ဦးက ဆက်လက်ပြောဆိုခဲ့သည်။
“လက်နက်ကြီးက နှစ်ခါအသံကြားတယ်။ လက်နက်ငယ်လည်း နှစ်ချက်၊ သုံးချက်ကြားပြီး ငြိမ်သွားပြီ။ သေနတ်သံကြားတော့ ရွာကလူတွေလည်း ထွက်ပြီး သွားမကြည့်ရဲဘူး။ ဒီကြားထဲမှာ ဒီရွာနားတဝိုက် TNLA နဲ့ MNDAA တို့ရောပြီး သွားလာနေတာတွေ့ရတယ်။ တပ်ပေါင်းစုပေါ့။” ဟု ပြောသည်။
ရှမ်းမြောက် တရုတ်နယ်စပ် မူဆယ်ခရိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းမှစတင်ပြီး စစ်ကောင်စီနှင့် MNDAA တို့အကြား တိုက်ပွဲ မကြာခဏ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖြင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
တိုက်ပွဲကြောင့် မုံးကိုး၊ ဖောင်းဆိုင်နဲ့ ပန်ဆိုင်း (ကြူကုတ်) ဒေသတွင် စစ်ဘေးဒုက္ခသည် ၂၂၀၀ ကျော်ရှိနေပြီး နေရာအခက်အခဲ၊ အစားအသောက်၊ ဆေးဝါးတွေ ခက်ခဲနေတဲ့အပြင် ကူးစက်ရောဂါကူးစက်မှာ စိုးရိမ်နေရတယ်လို့ စီမံခန့်ခွဲနေသူများက ပြောပါသည်။







