PDF နှင့် CDM များကို ထောက်ပံ့ပေးနေသည်ဆိုကာ ပိတ်သိမ်းမည့် KBZ pay အကောင့်စာရင်းလျို့ဝှက်စာပေါက်ကြား

PDF နှင့် CDM များကို ထောက်ပံ့ပေးနေသည်ဆိုကာ ပိတ်သိမ်းမည့် KBZ pay အကောင့်စာရင်းလျို့ဝှက်စာပေါက်ကြား

ပြောက်ကျားတပ်ဖွဲ့များနှင့် အနုနည်းဖြင့်အာဏာဖီဆန်သူများကို ငွေကြေးကူညီထောက်ပံ့နေသည်ဆိုကာ ယာယီပိတ်သိမ်းရန် စစ်ကောင်စီကညွှန်ကြားသော KBZ pay စာရင်း လျို့ဝှက်စာသည် ပေါက်ကြားလာခဲ့သည်။

မဇ္ဈိမက ရရှိထားသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် စစ်အာဏာရှင်ဖြုတ်ချရေးတွင် အဓိကကျသည့် အခန်းကဏ္ဍတစ်ခုဖြစ်သည့် CDM ဟု လူသိများသော Civil Disobedience Movement လုပ်သူများကိုထောက်ပံ့သည်ဆိုသောစာရင်းများတွင် တန့်ဆည် CDM Support Team၊ PDF Support၊ Donate & Open Your Heart၊ Let's Donate And Take A Remedy စသော အမည်များနှင့် တယ်လီဖုန်းနံပါတ်များပါရှိသည်။

ဘဏ်အကြီးတန်းအရာရှိတစ်ဦးက ပိတ်သိမ်းသည့်စာရင်း မှန်ကန်ကြောင်းနှင့် အာဏာသိမ်းစစ်တပ်က ညွှန်ကြားထားချက်ဖြစ်ကြောင်းပြောသည်။

တန့်ဆည် CDM Support Team ကလည်း "အလှူငွေလက်ခံတဲ့အကောင့်ပိတ်ခံလိုက်ရပါတယ်။ ၁၉ ရက်နေ့ ညပိုင်းမှာ ပိတ်ခံရတာ စသိတာပါ" ဟု မဇ္ဈိမကိုပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရောင်းချနေသော နွေဦးထီဝယ်ယူခြင်း၊ တစ်ဆင့် ရောင်းဝယ်ခြင်း၊ ငွေလွှဲခြင်းများ ပြုလုပ်နေသည်ဟုယူဆသော KBZ pay အကောင့်‌ ၄၀ ကို ဆိုင်းငံ့ပိတ်ပင်ပြီး အကောင့်ပိုင်ရှင်များ၏ သတင်းအချက်အလက်များကို ပေးပို့ရန်လည်း ညွှန်ကြားထားသည်ဟု ဘဏ်အသိုင်းအဝိုင်းကရှိ သတင်းအရင်းအမြစ်က မကြာသေးခင်က မဇ္ဈိမကို ပြောထားသည်။

အကောင့်များသည် level 2 ဖြစ်ခြင်း၊ ငွေလွှဲရသည့် အကြောင်းအရာ ရေးသားဖော်ပြချက် (Description) တွင် နွေဦးထီနှင့် ပတ်သက်သည့် အကြောင်းအရာများပါခြင်း အစရှိသည်တို့ကို အဓိကစစ်ဆေးကာ ပိတ်ခိုင်းကြောင်း သိရသည်။

တော်လှန်ရေးအင်အားစုများ၏ လူထုအတွင်းလွှမ်းမိုးမှုကို လျော့ပါးစေရန် ကြိုးပမ်းမှုအဖြစ် စစ်ကောင်စီတပ်များက ရန်ကုန်နှင့်အခြားမြို့ကြီးတစ်ချို့တွင် အသံချဲ့စက်များနှင့် လိုက်လံအော်ပြောနေမှုများရှိနေသည်။

ယမန်နေ့နေ့လည်က ရန်ကုန် စမ်းချောင်းမြို့နယ်တွင် ဝါဒဖြန့်ချိမှုတွင် PDF များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များသည် အကြမ်းဖက်သမားများဖြစ်ကြောင်းနှင့် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကို နှောက်ယှက်ဖျက်စီးနေသူများဖြစ်သဖြင့် လက်မခံကြရန် ပါရှိသည်။

 
 

 

 

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...