ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ကျေးရွာများ Lockdown နှစ်ပတ်ချ

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ကျေးရွာများ Lockdown နှစ်ပတ်ချ

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ကျေးရွာတွေမှာ ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် အဝင်/အထွက်ဂိတ်ထားရှိပြီး ဒေသခံပြည်သူကနေ ကိုယ်ထူကိုယ်ထစနစ်နဲ့ ဇူလိုင်လ ၂၄ ရက်နေ့မှ ဩဂုတ်လ ၆ ရက်နေ့အထိ (၁၄) ရက်အတွင်း ဝင်/ထွက်သွားလာခွင့် (Lockdown) နှစ်ပတ်ချမှတ်ထားတယ်လို့ သိရပါတယ်။

“လောလောဆယ် အခုနှစ်ပတ်ကို Lockdown ချထားတယ် နောက်လ ၈ ရက်နေ့အထိပေါ့နော။ ၈ ရက်နေ့ပြီးသွားရင်တော့ ကျတော်တို့ ဆက်ပြီးမှ အဝင်/အထွက်တွေကိုပဲ ပြန်ပြီး Check လုပ်ပြီးတော့မှပဲ ကျတော်တို့ ပြန်လွှတ်ပေးမယ်ဗျ။ ရိက္ခာတွေသယ်မယ်ဆိုရင်လည်း တစ်ပတ်မှာ ၂ ရက်သတ်မှတ်ပြီးတော့မှ လွှတ်ပေးဖို့ အစီအစဉ်ရှိတယ်။ နေ့တိုင်းတော့ ဝင်ထွက်သွားလာတာကိုတော့ ခွင့်မပြုဘူးဗျ။ အဲ့လိုပြန်စီစဉ်ဖို့ ကျတော်တို့ Lockdown နှစ်ပတ်ပြီးရင်တော့ အဲ့လိုလုပ်ဖို့ စီစဉ်ထားတယ်ဗျ” လို့ ကိုဗစ်-၁၉ ကာကွယ်၊ တုံ့ပြန်ရေးကော်မတီမှ အဝင်/အထွက် ဂိတ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အရေးပေါ်ကိစ္စများအတွက် ကော်မတီရဲ့ ခွင့်ပြုချက်ဖြင့်သာ သွားလာခွင့်ပြုမှာဖြစ်ပြီး မဖြစ်မနေပို့ဆောင်ရန် လိုအပ်တဲ့ဆေးဝါး၊ စားနပ်ရိက္ခာတွေကို အဝင်/အထွက်ဂိတ်မှတဆင့် ကြိုတင်အကြောင်းကြားပြီးမှသာ လွှဲပြောင်းပို့ဆောင်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ အဝင်/အထွက်ဂိတ် ပြုလုပ်ထားတဲ့ဂိတ် ၄ ခု၊ အုပ်စု ၈ ခု၊ ကျေးရွာပေါင်း ၆၀ ကျော်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကိုဗစ်တတိယလှိုင်းအတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် အဝင်/အထွက်ဂိတ်တွေထားရှိပြီး အသွားအလာကန့်သတ်ခြင်း၊ ရပ်ဝေးမှပြန်လာသူများ၊ စစ်ဘေးရှောင်ပြည်သူများအား အသွားအလာကန့်သတ်ထားတဲ့နေရာတွေမှာ Quarantine ၇ ရက်နဲ့ Home Quarantine ၇ ရက်ဖြင့် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဒေသခံတွေက ကိုယ်ထူကိုယ်စနစ်နဲ့ ဆောင်ရွက်တာဖြစ်တဲ့အတွက် Quarantine Center ထားရှိတဲ့နေရာမှာ ကျန်းမာရေးဆိုင်ရာအသုံးအဆောင်ပစ္စည်းဖြစ်တဲ့ Mask၊ လက်သန့်ဆေးရည်၊ အကာအကွယ်ဝတ်စုံ လိုအပ်ချက်ရှိသလို စစ်ဘေးရှောင်ပြည်သူတွေအတွက်လည်း စားနပ်ရိက္ခာ၊ ဆေးဝါး လိုအပ်တယ်လို့ သိရပါတယ်။

“လောလောဆယ်က ကျတော်တို့ ကော်မတီအဖွဲ့လူတွေကပဲ စစ်ဘေးရှောင်အတွက် ကူညီနေတာပေါ့နော ကျတော်တို့ကပဲ ရန်ပုံငွေရှာတဲ့အပိုင်းကော ကိုဗစ်အပိုင်းကော လူဦးရေက သိပ်ပြီးမရှိခါကျတော့ စေတနာ့ဝန်ထမ်းမရှိခါကျတော့ ရှိတဲ့လူနဲ့ပဲ ကျတော်တို့လုပ်နေတဲ့အခါမှာ နည်းနည်းလေး စစ်ဘေးရှောင်တွေအတွက် ရိက္ခာပိုင်းတော့ နည်းနည်းအခက်အခဲရှိတယ်။ ရှိတဲ့ရိက္ခာနဲ့ လောလောဆယ်တော့ Run နေတဲ့အခြေနေရှိတယ် တတ်နိုင်သလောက်တော့ ရန်ပုံငွေရှာနေတယ် အဲ့ပိုင်းတော့ရှိတယ်။ ကျေးရွာတိုင်းမှာတော့ Quarantine Center မလုပ်နိုင်တာတောင်မှ တချို့ကျေးရွာတွေက သူတို့ဟာသူတို့ လုပ်တာတော့ရှိတယ်။ အဲ့လိုအခြေနေလေးတွေရှိတယ်” လို့ ဂိတ်တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ကိုဗစ်ရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်ရန်အတွက် ကျေးရွာအဝင်/အထွက်ဂိတ်တွေမှာ ကျန်းမာရေးအသိပညာပေးပိုစကာတွေ ကပ်ထားတာတွေ ကျေးရွာအတွင်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်တဲ့ အသိပညာပေးမှုတွေကို လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

 
 

 

 

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...