ကိုဗစ်ရောဂါမဖြစ်ပွားရေး ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်း ကျေးရွာအချို့တွေမှာ ကိုဗစ်စစ်ဆေးရေးဂိတ်တွေ ပြုလုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ကျနော်တို့ စစ်ဆေးရေးဂိတ်ချထားတယ်။ စစ်ဆေးရေးဂိတ်မှာလည်း mask တို့၊ လက်သန့်ဆေးရည်တို့ ထားထားတယ်ပေါ့နော်။ ပြီးတော့ အပူချိန်တိုင်းကိရိယာလည်း ထားထားတယ်ပေါ့နော် အဲ့လိုမျိုး ကာကွယ်ထားတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံအစီအစဉ်နဲ့ တစ်နိုင်တစ်ပိုင် ဆောင်ရွက်ထားတာဖြစ်ပြီး ကိုဗစ်မဖြစ်ပွားရေး ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုံခြုံရေးဂိတ်ထားတာဖြစ်သလို Mask မဖြစ်မနေတပ်ဆင်ဖို့၊ လက်သန့်ဆေးရည်သုံးဖို့ အသိပညာပေးတာတွေ အပူချိန်တိုင်းတာတာတွေကို ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။
ကျေးရွာအတွင်း ပုံမှန်ထက် လူဝင်/လူထွက်များနေပြီး ရွာသူရွာသားတွေနဲ့ စစ်ရှောင်ပြည်သူတွေအတွက် လုံခြုံရေးဆိုင်ရာနဲ့ပတ်သက်ပြီး စိုးရိမ်ရသလို လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါကြောင့်လည်း များစွာ စိုးရိမ်ပူပန်မှုရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
“စိုးရိမ်စရာအများကြီးရှိတယ်ပေါ့နော ဒုက္ခသည်တွေ အရမ်းများတယ်ဆိုတော့ စိုးရိမ်စရာတွေအများကြီးရှိတယ်။ သူစိမ်းတွေဆိုရင် ကျတော်တို့ သေသေချာချာ စစ်ဆေးပြီးတော့မှ ရွာထဲကိုဝင်ခိုင်းတယ် အပူချိန်ရှိ/မရှိပေါ့ တိုင်းပြီးမှ လက်ဆေးခိုင်းတယ်။ Mask မပါရင် Mask တပ်ခိုင်းတယ်ပေါ့ ရွာအတွက်တော့ အရမ်းစိုးရိမ်ပါတယ်” လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်းမှာ ကရင်နီပြည်နယ်အတွင်း ကိုဗစ်ကြိုတင်ကာကွယ်မှုနဲ့ပတ်သက်ပြီး အသိပညာပေးလုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့်မရှိတာကြောင့် ပြည်သူလူထုကသာ မိမိကိုယ်ကို ကာကွယ်ရမှာဖြစ်တယ်လို့ လွိုင်ကော်မြို့နေ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုလက်ရှိပေါ့နော ကျမတို့ပြည်နယ်မှာ ကိုဗစ်-၁၉ ကာကွယ်တာနဲ့ပတ်သက်ပြီးတော့မှ အသိပညာပေးလုပ်ရှားနေတဲ့အဖွဲ့ မရှိဘူးပေါ့နော လူထုအနေနဲ့ကတော့ ကိုဗစ်ရောဂါမဖြစ်ပွားအောင် ကိုယ့်ကိုယ်ကိုယ်တိုင်ပဲ ကာကွယ်ရမှာဖြစ်တယ်ပေါ့။ တတ်နိုင်သမျှ အပြင်မထွက်ဖို့ လူထူထပ်တဲ့နေရာ မသွားဖို့လိုတယ်ပေါ့နော။ မဖြစ်မနေ သွားရမယ်ဆိုရင်တောင်မှ Mask တွေတပ်ဖို့ပေါ့နော လက်သန့်ဆေးရည် သုံးပေးဖို့ပေါ့နော လိုတယ်” လို့ အဆိုပါဒေသခံက ပြောပါတယ်။
ကရင်နီပြည်တွင်းမှာ ကိုဗစ်ဖြစ်ပွားမှု တတိယလှိုင်းအတွင်း ဇူလိုင်လ ၆ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ ၆ ဦးရှိနေပြီဖြစ်တာကြောင့် မိဘပြည်သူများအားလုံး မိမိကစ၍ ကာကွယ်ကြဖို့ ပြည်နယ်ကျန်းမာရေးတာဝန်ရှိသူတွေကလည်း တိုက်တွန်းထားပါတယ်။
စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနမှ ဇူလိုင်လ ၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ဓတ်ခွဲအတည်ပြုလူနာ ၁၆၈၃၇၄ ဦးရှိနေပြီး ကိုဗစ်ရောဂါဖြင့် သေဆုံးသူစုစုပေါင်း ၃၄၆၁ ဦးရှိနေပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။







