၁၉၆၂ ကျောင်းသားအရေးတော်ပုံ အောက်မေ့ဖွယ်ဖြစ်သည့် ၇ ဇူလိုင်အခမ်းအနားကို လာမည့် ဇူလိုင်လ (၇) ရက်နေ့တွင် ပြည်သူများ၊ ကျောင်းသား/သူများကလည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပူးပေါင်းပါဝင်ပေးဖို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
ကျောင်းသားနှင့် ပြည်သူတွေ ပါဝင်စေချင်တဲ့အစီအစဉ် (၃) ခုရှိကြောင်း မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌမင်းသံစဉ်ဦးက ယခုလိုပြောပါတယ်။
"ပြည်သူတွေပါဝင်နိုင်တဲ့ အစီအစဉ်ထဲမှာ ကင်ပိန်းသုံးခုပါပါတယ်။ ဖဲကြိုးနက်ကင်ပိန်းရယ်၊ ၁၉၆၂ ရန်ကုန်တက္ကသိုလ်မှာ ဝင်ပစ်တဲ့အချိန် ဖြစ်တဲ့ ညနေ ၄ နာရီကိုရည်ရွယ်ပြီး ကားဟွန်းတီး၊ ဆိုင်ကယ်ဟွန်းတီးပြီး တမိနစ်ခန့်ငြိမ်သက်တဲ့ ကင်ပိန်းပါမယ်။ ည ၈ နာရီမှာ ကိုယ်ရှိနေတဲ့နေရာအရှေ့မှာ ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းမယ်" ဟု ပြောပါတယ်။
ဆဲဗင်းဇူလိုင်နေ့မှာ ကျောင်းသားပြည်သူတွေအနေနဲ့ ဖဲကြိုးနက်တွေတပ်ဆင်ကြဖို့၊ ညနေ (၄) နာရီမှာ ကိုယ်ရောက်တဲ့နေရာကနေ ကား၊ ဆိုင်ကယ်ဟွန်းတီးဖို့နဲ့ ည (၈) နာရီမှာ ကိုယ်ရောက်နေတဲ့နေရာ၊ နေအိမ်တွေမှာ ဖယောင်းတိုင်ထွန်းဆုတောင်းကြဖို့ တိုက်တွန်းတာဖြစ်ပါတယ်။
မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအနေနဲ့ ဆဲဗင်းဇူလိုင်နေ့မှာ အခမ်းအနားတရပ် ကျင်းပပြုလုပ်မှာဖြစ်ပြီး သမဂ္ဂညီနောင်များနှင့် ကျောင်းသား/သူ၊ ပြည်သူများကိုလည်း တက်ရောက်ပေးရန် ဖိတ်ကြားထားပါတယ်။







