လားရှိုးမြို့တွင် ခိုးလုယက်မှုများပြားလာပြီး ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

လားရှိုးမြို့တွင် ခိုးလုယက်မှုများပြားလာပြီး ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ်က ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု များ နေ့စဉ်ဆက်တိုက် ဖြစ်ပွားလာနေသဖြင့် ဒေသခံများမှာ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရသည်။

လက်ရှိတွင် လားရှိုးမြို့၌ ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများအနေဖြင့် တစ်ယောက် တည်း သွားလာရန် စိုးရိမ်နေကြရပြီး, မိမိတို့ဒေသခံများကိုယ်တိုင် ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုများ ပြုလုပ်နေရ ကြောင်း လားရှိုးမြို့မှ အသက် ၅၀ ဝန်းကျင် ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူခိုးရော လုယက်သူတွေရော အရမ်း များတယ်။ မိန်းကလေး တစ်ယောက်တည်း ဆိုင်ကယ်စီးမယ် ဆိုရင်တောင် အဝေးကြီး မသွားရဲဘူး။ အခုကသူခိုးတွေကိုလည်း ကိုယ့်ဟာကိုယ် ဖမ်းနေရတာ။ မိရင်တောင် ရဲတွေက မရိုက်ရဘူးလို့ ပြောတယ်။ ရိုက်ရင်လည်း အရေးယူမယ်လို့လည်း ပြောနေတယ်။ အွန်လိုင်းပေါ်လည်း မတင်နဲ့တဲ့။”

လက်ရှိတွင် သူခိုးများကို လူထုက ကိုယ်ထူကိုယ်ထ ဖမ်းဆီးလျှင် ဖမ်းဆီးခံရသူများအား ရိုက်နှက်ခြင်းမပြုရန်နှင့် ထိုသို့ပြုလုပ်ပါက အရေးယူမည်ဟု စစ်ကော်မရှင်လက်အောက်ခံ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးများ က ပြောဆိုထားကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် ဖြစ်စဉ်အကြောင်းအရာများ၏ ဓာတ်ပုံနှင့် ဗီဒီယိုများကို အွန်လိုင်းပေါ်တွင် မဖြန့်ဝေရန်လည်း သက်ဆိုင် ရာ တာဝန်ရှိသူများက တားမြစ်ထားကြောင်း ဆိုသည်။

ထိုကဲ့သို့ သက်ဆိုင်ရာ တာဝန်ရှိသူများက တားမြစ်ထားသော်လည်း မြို့တွင်း လုံခြုံရေးအခြေအနေများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသောကြောင့် ဒေသခံများ ဆက်လက် စိုးရိမ်နေကြဆဲဖြစ်ပြီး၊ ခိုးဆိုးလုယက်မှုများ လျော့နည်းစေရန် ထိရောက်သည့် လုံခြုံရေးဆောင်ရွက်မှုများ အရေးတကြီး လိုအပ်နေ ကြောင်း လားရှိုးမြို့ ဒေသခံ အမျိုးသမီးက ပြောသည်။

“မြို့ထဲကလည်း လုံခြုံရေးကို သေချာယူနိုင်လားဆို မယူနိုင်ဘူး။ သေသေချာချာ လုပ်နိုင်တာက ဦးထုပ်မ ဆောင်းတဲ့ လူတွေကို ဖမ်းတာ အဲဒါပဲ ရှိတယ်။ အဲ့လို ဖမ်းတာတွေကို သေချာလုပ်သလို မြို့ထဲမှာ ခိုးဆိုး နေတာတွေ ကိုလည်း သေချာအရေးယူပေးရင် ကောင်းတာပေါ့။”

ဇူလိုင်လ ၃၀ ရက်နေ့ ကလည်း လားရှိုးမြို့၊ ရပ်ကွက် (၅) တွင် ပိုက်ဆံအိတ်ခိုးယူကာ ထွက်ပြေးသည့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြသည်။

ထို့အတူ ဇူလိုင်လ ၂၂ ရက်ကလည်း မူးယစ်ဆေးဝါး သုံးစွဲထားသည့် အမျိုးသားတစ်ဦးသည် သေနတ်ဖြင့် လမ်းသွားလမ်းလာ ပြည်သူများကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သေးသည်။

လက်ရှိတွင် လားရှိုးမြို့၌ ခိုးဆိုးလုယက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံများအနေဖြင့် မိမိတို့၏ လုံခြုံရေးကို ကိုယ်တိုင်ဂရုစိုက်နေရပြီး မြို့တွင်း လုံခြုံရေးအခြေအနေများ ပိုမိုကောင်းမွန်လာရန် မျှော်လင့်နေ ကြသည်။

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...