စစ်မှုထမ်းကြောက်၍ အလုပ်ခွင်များတွင် အမျိုးသမီးများ အစားထိုးဝင်ရောက်လုပ်ကိုင်နေ

စစ်မှုထမ်းကြောက်၍ အလုပ်ခွင်များတွင် အမျိုးသမီးများ အစားထိုးဝင်ရောက်လုပ်ကိုင်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်း စစ်မှုထမ်းစုဆောင်းခံရမည်ကို စိုးရိမ်သဖြင့် အမျိုးသားများ မှာ အိမ်တွင်းအောင်းနေကြရပြီး ယာဉ်မောင်းနှင့် စပယ်ယာအလုပ်များအပြင် အခြားသော လုပ်ငန်းခွင်များ တွင်ပါ အမျိုးသမီးများ အစားထိုး ဝင်ရောက်လုပ်ကိုင်လာကြကြောင်း ဒေသခံများက ပြောသည်။

စစ်အုပ်စုက ရက် ၁၀၀ အတွင်း စစ်မှုထမ်းစုဆောင်းမှုများကို အရှိန်မြှင့်လုပ်ဆောင်လာခြင်းကြောင့် အမျိုးသား များမှာ အပြင်မထွက်ရဲဘဲ အိမ်တွင်းအောင်းနေကြရပြီး မိန်းကလေးများသာ အပြင်ထွက်၍ အလုပ်လုပ်ကြရ သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

လက်ရှိတွင် ပန်းတောင်းမြို့နယ်အတွင်း မီနီလိုင်းကား ၁၀ စီးတွင် အမျိုးသမီး ၄ ဦးနှုန်းခန့် စပယ်ယာအဖြစ် လုပ်ကိုင်နေကြသည်ကို တွေ့ရသလို အိုးဝေမောင်းနှင်းသည့် အမျိုးသမီးများကိုလည်း အတော်များများ တွေ့လာရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

မြို့ခံတစ်ဦးက “ရေသန့်ပို့တဲ့ကားမှာလည်း မိန်းကလေးတွေပဲ ဘောင်းဘီတကားကားနဲ့ လွှားကနဲ ခုန်ချခုန်တက်နဲ့ ဟုတ်နေတာပဲ။ တစ်သက်လုံး သားယောက်ျားလေး အပြင်ကိုထွက်တာ စိတ်မပူရဘဲ သမီးမိန်းကလေး အပြင်ထွက်တာ စိတ်ပူရတဲ့ခေတ်ကနေ သားဖွက်ထားပြီး သမီးလေလံတင်နေရသလိုပါပဲ” ဟု ပြောသည်။

အရွယ်ကောင်းသားတစ်ဦး စစ်မှုထမ်းအဆွဲခံရပါက ပြန်လည်ရွေးထုတ်ရန်အတွက် ငွေကျပ် သိန်း ၁၅၀ မှ ၂၀၀ ခန့်အထိ အဆင့်ဆင့်ပေးဆောင် ရွေးယူကြရပြီး ငွေကြေးတတ်နိုင်သူဖြစ်ကြောင်း သိရှိပါက ပိုမိုတောင်းခံရ လေ့ရှိကြောင်းလည်း မြို့ခံများက ပြောသည်။

အသက် ၆၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးက “အရင်ကဆို ကျနော့်လိုလူမျိုး အလုပ်ရှားတယ်။ အခု ဆန် ဆိုင်၊ ဆောက်လုပ်ရေး ပစ္စည်းဆိုင် နည်းနည်းပင်ပမ်းရတဲ့ ဆိုင်မျိုးဆို လိုလိုချင်ချင် ခန့်တယ်။ လူငယ်တွေမှ မရှိတော့တာ၊ အလုပ်သမား အများစုက မိန်းကလေးတွေပဲ။ ယောက်ျားလေးတွေကတော့ ကျီးလန့်စာစားပဲ” ဟု ပြောသည်။

ကပစ ခေါ် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်သည့် စက်ရုံတချို့ရှိသည့် ပဲခူးတိုင်း အနောက်ခြမ်းတွင် နေ့စဉ် ပေါ်တာအဆွဲခံရသည့် သတင်းများကို ကြားနေရသဖြင့် သိပ်မထူးဆန်းသလို ဖြစ်နေပြီဖြစ်ပြီး အနောက်ရိုးမ ပေါ်မှ လက်နက်ကြီးပေါက်ကွဲသံများကိုလည်း နေ့စဉ်လိုလို ကြားနေရကြောင်း ပန်းတောင်းနှင့် ဥသျှစ်ပင်မြို့ခံများ က ပြောပြသည်။

ယခုကဲ့သို့ ဒေသတွင်း လုံခြုံရေးအခြေအနေများ ဆိုးရွားလာခြင်းနှင့်အတူ လူငယ်များအရေးပေါ် ထွက်ပြေး တိမ်းရှောင်နေရခြင်းက ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအပြင် လူမှုဘဝ လုံခြုံရေး ကိုပါ တစ်စစ ထိခိုက်ပျက်ပြား စေသည်ဟု ဆိုကြသည်။

August 21, 2026
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် ဒေသခံပြည်သူများ ဥပုသ်သီလ ဆောက်တည်...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 21, 2026
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ကို စစ်အုပ်စုတပ်က...
August 21, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် စစ်ကျန် ဗုံးသီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ...
August 20, 2026
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အလည်အပတ် နိုင်ငံကူးလက်မှတ် (PV)...