စက်သုံးဆီအကျပ်အတည်း ဆက်လက်ဖြစ်ပေါ်နေပြီး စီမံခန့်ခွဲမှုအပေါ် ဒေသခံများ ဝေဖန်

စက်သုံးဆီအကျပ်အတည်း ဆက်လက်ဖြစ်ပေါ်နေပြီး စီမံခန့်ခွဲမှုအပေါ် ဒေသခံများ ဝေဖန်

မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ မွန်ပြည်အစိုးရအနေဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ခြင်း မရှိသည့်အပေါ် ဒေသခံပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်နေသည်။

ပြည်နယ်တွင်းရှိ မြို့နယ်အားလုံးတွင် ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယအပတ်ကစတင်ကာ တစ်ကျော့ပြန် စက်သုံးဆီ ပြတ်လပ်မှုများနှင့် ထပ်မံရင်ဆိုင်နေကြရခြင်း ဖြစ်သည်။

ဒေသတွင်းသို့ စက်သုံးဆီများ တိုက်ရိုက်ဝင်ရောက်မှု ရှိနေသော်လည်း ဆီဆိုင်များတွင် မကြာခဏ ဆီပြတ်လပ် ခြင်း၊ လိုသလောက်ဝယ်ယူ၍ မရခြင်းအပြင် အရောင်းပိတ်ထားခြင်းများပါ ရှိနေကြောင်း ဒေသခံများက ပြော သည်။

လက်ရှိစက်သုံးဆီ အခက်အခဲမှာ ပြောပြ၍မရနိုင်အောင် ဆိုးရွားပြင်းထန်နေကြောင်း သထုံမြို့နယ် ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်သို့ ပြောသည်။

“ပြောပြလို့ မတတ်အောင် ခက်ခဲတာပေါ့။ ကျနော်တို့မှာ တော်တော်လေးကို ခက်ခဲတယ်။ ဆီမရှိတဲ့ အခါကျ တော့ ကျနော်တို့က ဘယ်လိုပြောပြရမှန်းကိုတောင် မသိတော့ဘူး။ အခုဟာက ဘယ်လိုလုပ်လို့ လုပ်ရမှန်းကို မသိဘူး။ တခြားဆိုင်သွားလည်း လက်ခါပြ၊ တခြားဆိုင်သွားလည်း လက်ခါပြ တောင်းတောင်းပန်ပန်နဲ့ ရှိခိုးပြီး ပြောမှ နှစ်သောင်းဖိုး၊ သုံးသောင်းဖိုး ရတာ။”

ယခုကဲ့သို့ စက်သုံးဆီ အခက်အခဲမှာ မွန်ပြည်တစ်ခုတည်းတွင်သာ မကြာခဏ ကြုံတွေ့နေရခြင်းဖြစ်ရာ စစ်အုပ်စု လက်အောက်ခံ မွန်ပြည်အစိုးရ၏ စီမံခန့်ခွဲမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာနေရကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ဒေသတွင်း စက်သုံးဆီပြတ်လပ်သည့် ပြဿနာ ပိုမိုကြီးမားလာနေသည့်အတွက် စက်သုံးဆီနှင့် ပတ်သက်၍ တိကျသေချာသော မူဝါဒတစ်ခု ချမှတ်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း ရေးမြို့နယ်ဒေသခံ တစ်ဦး က ပြောသည်။

“ဒီစက်သုံးဆီပြဿနာက ကြီးနေတာပဲ။ စက်သုံးဆီက မှောင်ခိုဈေးနဲ့ဝယ်ရတာ ဈေးတစ်မျိုး၊ QR Code နဲ့ဝယ်ရတာ ဈေးတစ်မျိုး ဖြစ်တာပေါ့။ ဘာဖြစ်လာလဲဆိုတော့ တခြားအခက်အခဲတွေလည်း ပိုဖြစ်လာ တာ ပေါ့။ ဆီနဲ့ပတ်သက်ပြီးတော့ မူဝါဒတစ်ခုကိုတော့ သေချာ အောက်ခြေမှာ လုပ်ရကိုင်ရ လွယ်မယ့်မူဝါဒတွေ လည်း ချမှတ်စေချင်တာပေါ့။”

တစ်ဖက်တွင်လည်း စက်သုံးဆီများကို စစ်အုပ်စု လက်အောက်ခံ မွန်ပြည်အစိုးရ၏ ညွှန်ကြားချက်အရ မုဒုံမြို့ နယ်၊ ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းမှတစ်ဆင့် တင်ဒါအောင်မြင်ထား သော Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့က ဒေသတွင်းသို့ ဖြန့်ဝေပေးနေ ခြင်း ဖြစ်သည်။

မွန်ပြည်အတွင်းသို့ စက်သုံးဆီများ တိုက်ရိုက်ဝင်ရောက်နေသော်လည်း ဈေးနှုန်းများမှာ အခြားတိုင်းနှင့် ပြည်နယ် များထက် အမြင့်ဆုံးဈေးတန်းတွင် ရှိနေသလို မကြာခဏ ဆီပြတ်လပ်မှုများနှင့်ပါ ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်သည်။

August 28, 2026
မွန်ပြည်တွင် ယခုနှစ် ငါးဖမ်းရာသီကို ဇူလိုင်လမှ စတင်ခွင့်ပြုခဲ့သော်လည်း စက်သုံးဆီ...
August 27, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အာဏာသိမ်းပြီးကတည်းက တစ်ဆထက်တစ်ဆ မြင့်တက်လာသည့် ကုန်ဈေးနှုန်း နှင့်အတူ...
ဓာတ်ပုံ - CJ
August 26, 2026
ကရင်ပြည်၊ ဘားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများသည် စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေး...
ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...