တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ် လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များက ဥပဒေမဲ့ စစ်မှုထမ်း လူဖမ်းပွဲများကို အကြီးအကျယ် လုပ်ဆောင်လာ နေသည်။
စစ်တပ် လက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့များသည် စစ်မှုထမ်းတပ်သား လိုအပ်ချက်ကို အကြောင်းပြကာ ညပိုင်းအချိန်များတွင် လမ်းတွင်တွေ့သမျှ လူငယ်များကို စစ်မှုထမ်းရန်အတွက် လိုက်လံ ဖမ်းဆီးနေကြခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသည့် လူငယ်များသည် အခြေခံလူ့အခွင့်အရေးဖြစ်သည့် လွတ်လပ်စွာ အလုပ်လုပ်ကိုင်ခွင့်၊ ပြောဆို ခွင့်၊ သွားလာခွင့်နှင့် နေထိုင်ခွင့်တို့ကိုပင် မရရှိဘဲ တစ်ခါတည်း ဖမ်းဆီးခံနေကြရသည်။
ဖမ်းဆီးခံရသည့် လူငယ်များကို ညတွင်းချင်းပင် ရဲစခန်းအချုပ်ခန်းများနှင့် တပ်ရင်းဗဟိုကင်းစခန်းများအထိ ခေါ်ဆောင်သွားကြပြီး ပြန်လည်မရွေးယူနိုင်ပါက စစ်သားစုဆောင်းရေးတပ်ထံသို့ ချက်ချင်း ပို့ဆောင်ခံနေကြ ရသည်။
သထုံဒေသခံ သုံးဦး၏ ပြောပြချက်အရ စစ်မှုထမ်းဖမ်းဆီးမှုများသည် လက်ရှိအစိုးရလက်ထက်တွင် ပိုမိုဆိုးရွား လာပြီး ပြောစရာစကားပင် မရှိတော့ကြောင်း ဆိုကြသည်။
စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့များသည် ပြီးခဲ့သည့် ဇူလိုင်လကစတင်ကာ သထုံခရိုင်အတွင်းရှိ မြို့နယ်များ ဖြစ်သော ကျိုက်ထို၊ ဘီးလင်း၊ သထုံနှင့် ပေါင်မြို့နယ်တို့တွင် စစ်မှုထမ်းဖမ်းဆီးမှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်လာခဲ့ကြသည်။
ထိုထဲတွင် အရင်က စစ်မှုထမ်းဖမ်းဆီးမှု မရှိခဲ့ဖူးသည့် ပေါင်မြို့နယ်တွင်ပါ ညဘက်အချိန်များ၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့က ဒေသခံလူငယ်များကို စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးမှုများ ရှိလာနေသည်။
“အရင်က ကျိုက်ထို၊ ဘီးလင်းတို့မှာပဲ စစ်မှုထမ်းဖမ်းတာ ကြားနေရတယ်။ အခုကတော့ ပေါင်မြို့နယ်မှာလည်း စစ်မှုထမ်း လိုက်ဖမ်းနေတာ မျက်မြင်တွေ့နေရပြီ” ဟု အမည်မဖော်လိုသည့် ပေါင်ဒေသခံတစ်ဦးက ပြောသည်။
သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားသည့် အချက်အလက်များအရ သထုံခရိုင်၏ မြို့နယ်လေးခု တွင် တစ်ရက်လျှင် စစ်မှုထမ်းအတွက် လူငယ် ၁၅ ဦးနီးပါး ဖမ်းဆီးခံနေရသည်။
ထို့ပြင် ဖမ်းဆီးထားသည့် လူငယ်များကို စစ်တပ်နှင့်ရဲတပ်ဖွဲ့က သက်ဆိုင်ရာ ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးမှူး များထံ တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ မှ သိန်း ၈၀ အထိ ငွေကြေးတောင်းခံကာ ပြန်လည်ရောင်းစားနေမှု များလည်း ရှိနေသည်။
စစ်တပ်နှင့်ရဲတပ်ဖွဲ့က စစ်မှုထမ်းဖမ်းဆီးကာ လူကုန်ကူးရောင်းစားနေမှုများအပေါ် တာဝန်ရှိသူများက နှုတ်ဆိတ် နေကြခြင်းအပေါ် ဒေသခံပြည်သူများအကြား ဝေဖန်မှုများလည်း အပြင်းအထန် ထွက်ပေါ်လျက်ရှိသည်။
စစ်မှုထမ်းဖမ်းဆီးရာတွင် အစပိုင်း၌ ဒေသန္တရအမိန့် ဖောက်ဖျက်သည်ဆိုကာ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူ စီးနင်းခြင်း၊ ညမထွက်ရအချိန် အပြင်ထွက်သွားလာခြင်း စသည့်အကြောင်းပြချက်များဖြင့် ဖမ်းဆီးခဲ့သော် လည်း၊ ယခုနောက်ပိုင်းတွင် ညဘက်လမ်းတွင်တွေ့သမျှ လူငယ်များကိုပါ ပစ်မှတ်ထား ဖမ်းဆီးလာကြသည်။
ဘီးလင်းဒေသခံတစ်ဦးက “အခုက ည ၁၀ နာရီ မပြောနဲ့ ည ၈ နာရီတောင် ဘယ်သူမှ အပြင်မထွက်ရဲတော့ဘူး။ ရဲကားတွေ့ရင်ပြေး စစ်ကားတွေ့ရင် ပြေးပဲ။ အိမ်စီးကားနဲ့ပါ လိုက်ဖမ်းနေတာ” ဟု ပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းအကြုံးဝင်သည့် လူငယ်များသည် စစ်မှုထမ်းကင်းလွတ်ခွင့်နှင့် ယာယီ ဆိုင်းငံ့ခွင့်များကို လျှောက်ထားနိုင်သော်လည်း၊ လက်တလော ဖမ်းဆီးခံနေရသည့် လူငယ်အများစုမှာမူ ဥပဒေ အကာအကွယ်မရရှိဘဲ တစ်ခါတည်း စစ်သားစုဆောင်းခံနေကြရသည်။
သထုံခရိုင်အတွင်း ယခုကဲ့သို့ ဒေသခံလူငယ်များ စစ်မှုထမ်းဖမ်းဆီးခံနေရခြင်းမှာ တော်လှန်ရေးတပ်ဖွဲ့များ မြို့တွင်းမြို့ပြင် လှုပ်ရှားမှု အားနည်းနေသည့်အပေါ် စစ်တပ်နှင့်ရဲတပ်ဖွဲ့က အခွင့်ကောင်းယူကာ ကိုယ်ကျိုးရှာ နေခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။







