အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ရှောင်ပြည်သူကို အတင်းအဓမ္မအိမ်ပြန်ခိုင်းနေတာကြောင့် အခက်အခဲဖြစ်နေ

အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ရှောင်ပြည်သူကို အတင်းအဓမ္မအိမ်ပြန်ခိုင်းနေတာကြောင့် အခက်အခဲဖြစ်နေ

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းမှုတွေ ဆက်လက်လုပ်ဆောင်နေသလိုကျေးရွာအတွင်းမှာ တပ်စွဲထားပြီး စစ်ရှောင်ရှိရာနေရာအထိ သွားရောက်ကာ စစ်ရှောင်ပြည်သူတွေကို အတင်းအဓမ္မအိမ်ပြန်ဖို့ ပြောဆိုနေတာကြောင့် အိမ်ပြန်သွားလာဖို့အတွက် အခက်အခဲရှိတယ်လို့ စစ်ရှောင်ပြည်သူဆီကနေ သိရပါတယ်။

“မနေ့က ၂၀ ရက်နေ့ ညနေလောက်မှာ စစ်ကောင်စီက ထီးဖိုးကလိုအုပ်စု ဖဲလျားရွာကနေ ဒေါလျားခူရွာကို သူတို့ ခြေလျင်နဲ့လမ်းလျှောက်လာတယ်။ ညကိုတော့ ဒေါလျားခူရွာစာသင်ကျောင်းမှာ သူတို့ ညအိပ်စခန်းချတယ်။ ချပြီးတော့ ဒီနေ့ ၂၁ ရက်နေ့ မနက်ပိုင်းမှာ သူတို့ တောင်ပေါ်တက်သွားတယ်ပေါ့နော စစ်ရှောင်ရှိတဲ့နေရာကို သူတို့သွားတယ် စစ်ရှောင်နဲ့တွေ့တယ် စစ်ရှောင်တွေကို အိမ်ပြန်ဖို့ မောင်းပြန်တယ်။ မဖြစ်မနေ အိမ်မှာပဲပြန်နေကြပါလို့ သူတို့ပြောတယ်။ ရွာသားတွေက သူတို့ကြောက်တယ် ကြောက်တော့ မဖြစ်မနေ အိမ်ကိုပြန်လာကြတယ် အချို့ အိမ်မှာမနေရဲဘူး အခုဆိုလို့ရှိရင် လွိုင်ကော်ကိုသွားဖို့ ကပြာကယာပြင်ဆင်ကြတယ် လုပ်နေကြတယ်ပေါ့။ ခုနကဆိုလို့ရှိရင် ကားတစ်စီးသွားလိုက်ပြီပေါ့နော။ တချို့သူတွေလည်း ရွာမှာအများကြီးကျန်သေးတယ်” လို့ စစ်ရှောင်ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

စစ်ရှောင်ပြည်သူ တစ်ထောင်ဝန်းကျင်ရှိတဲ့ ဒီမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ တွေ့သမျှ စစ်ရှောင်ပြည်သူတွေကို အိမ်ပြန်ခိုင်းနေပြီး တောင်ပေါ်တစ်လျှောက်လည်း လှည့်ပတ်သွားလာမေးမြန်းတာတွေရှိတယ်လို့ စစ်ရှောင်ဒေသခံဆီကနေ သိရပါတယ်။

ကျေးရွာအတွင်းမှာ စစ်တပ်က တပ်စွဲထားတာကြောင့် စစ်ရှောင်ပြည်သူတွေက အိမ်မပြန်ရဲဘဲ လွတ်ရာနေရာကို ထပ်မံထွက်ပြေးတိမ်းရှောင်ဖို့အတွက် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

“အခုက ပြန်လာဖို့ သွားလာဖို့ လမ်းခရီးအခက်အခဲပေါ့နော သွားဖို့လာဖို့ သယ်ဖို့ပြုဖို့ ဘာမှမရှိဘူး တောထဲမှာဆိုလို့ရှိရင်လည်း သွားလာလို့အဆင်မပြေဘူး အဲဒါကတစ်ချက်။ နောက်တစ်ချက်က သက်ကြီးရွယ်အိုတွေပါတယ် ကလေးတွေပါတယ် ကိုယ်ဝန်ဆောင်တွေပါတယ် မီးဖွားတွေပါတယ်။ အဲ့လိုလူတွေတော့လည်း ရွေ့ပြောင်းသွားလာဖို့အတွက် သူတို့မှာ အများကြီးအခက်အခဲရှိတယ်ပေါ့နော။ ကျန်းမာရေးချို့ယွင်းတဲ့သူလည်းပါနေတော့ အဲ့ဒီအတွက် အများကြီးအခက်အခဲဖြစ်တယ်” လို့ အဆိုပါ စစ်ရှောင်ဒေသခံက ဆက်ပြောပါတယ်။

စစ်ရှောင်ပြည်သူအများစုမှာ လွိုင်ကော်မြို့ကို ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြပေမယ့်လည်း စစ်ရှောင်ခိုလှုံခွင့်ရမယ့်နေရာကို မသိရှိတာကြောင့် ကူညီဆောင်ရွက်ပေးနေတဲ့သူက ခိုလှုံနိုင်မယ့်နေရာတွေကို ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

စစ်ရှောင်ပြည်သူအတွက် နေရာထိုင်ခင်းအပြင် စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်နေတာကြောင့် ကူညီပေးကြဖို့ ကူညီဆောင်ရွက်ပေးနေတဲ့သူတွေက တောင်းဆိုထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း တပ်စွဲထားတဲ့အတောအတွင်းမှာလည်း ဒေသခံပြည်သူတွေရဲ့ နေအိမ်ဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းတွေ ယူဆောင်နေကြတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။

ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့ နံနက် ၉ နာရီကျော်မှာ လွိုင်ကော်မြို့ကနေ ဒီမော့ဆိုမြို့နယ်ကို ဦးတည်သွားတဲ့ စစ်ကားအစီး ၂၀ ကျော်ရှိပြီး ရိက္ခာတင်ကား၊ အလုံပိတ်ကား၊ စစ်သားအင်အားအများအပြား တင်ဆောင်သွားတယ်လို့ တွေ့ရှိသူတွေက ပြောပါတယ်။

“ဒီမနက် ၉ နာရီကျော်လောက်ပေါ့ စစ်ကားအစီး ၂၀ ကျော်တယ် လူကောရိက္ခာကောပါတယ် လွိုင်ကော်ဖက်ကနေ ဒီမော့ဆိုမြို့နယ်ဖက်ကို ဦးတည်ပြီးဆင်းသွားတာ ဘယ်ဖက်ကိုသွားတာလဲတော့မသိဘူး” လို့ လွိုင်ကော်မြို့နေ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်မှာလည်း စစ်ကောင်စီဖက်ကနေ စစ်ရှောင်ရှိတဲ့နေရာအထိ သွားလာနေကြသလို အတင်းအဓမ္မ ရေခပ်ခိုင်းတာတွေ ခြိမ်းခြောက်တာတွေ မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ရှောင်ပြည်သူဆီကနေ သိရပါတယ်။

ဇွန်လ ၁၅ ရက်နေ့မှစ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) မှ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ယာယီအပစ်ခတ်ရပ်စဲထားတယ်လို့ ကြေညာထားပေမယ့်လည်း စစ်ကောင်စီဖက်ကနေ ဒီမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းမှာ စစ်အင်အား၊ ရိက္ခာဖြည့်တင်းမှု ပိုမိုလုပ်ဆောင်နေတာဖြစ်တာကြောင့် တိုက်ပွဲတစ်ဖန် ထပ်မံဖြစ်ပွားမှာကို ဒေသခံပြည်သူတွေက စိုးရိမ်ကြောက်လန့်နေကြတယ်လို့ သိရပါတယ်။

 
 

 

 

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...