ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ စစ်ရှောင်ပြည်သူများရှိတဲ့နေရာနဲ့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အထိုင်ဆေးခန်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်အင်အား ၂၀ ဝန်းကျင်ခန့်က ရောက်ရှိပြီး ဝင်ရောက်နေရာယူနေတာကြောင့် စစ်ဘေးရှောင်တွေ ကြောက်လန့်ပြီး ထပ်မံနေရာပြောင်းရွေ့လိုက်ရတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးထံကနေ သိရပါတယ်။
“ဒီရက် ၁၉ ရက် မနက်ကပဲ တောထဲစစ်ရှောင်တဲ့နေရာထိ သွားတယ်ပေါ့ အဲမှာဆိုလို့ရှိရင် စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အထိုင်ဆေးခန်းတွေလုပ်ထားတာရှိတယ်။ အဲ့မှာ သူတို့ (အကြမ်းဖက်စစ်ကောင်စီတပ်) နေရာဝင်ယူလိုက်တယ်ပေါ့နော။ နေရာဝင်လိုက်ရှာခါကျတော့ စစ်ရှောင်တွေလည်း ကြောက်တာပေါ့ တခြားနေရာကို ပြန်ရွေ့ပေးရတယ်။ တောထဲမှာတွေ့တဲ့သူဆိုရင်လည်း သူတို့ (အကြမ်းဖက်စစ်ကောင်စီတပ်) ရေခပ်ခိုင်းတယ် အဲလိုမျိုးတွေလုပ်တယ်” လို့ စစ်ရှောင်ပြည်သူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
လက်ရှိ စစ်ရှောင်ပြည်သူအတွက်ထားရှိတဲ့ အထိုင်ဆေးခန်းမှာ စစ်ကောင်စီတပ်က နေရာယူလိုက်တာကြောင့် ကျန်းမာရေးလိုအပ်ချက်အရ ဆေးဝါးကုသမှု အခက်အခဲရှိနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ခန့်က လက်နက်၊ ယူနီဖောင်း၊ ရိက္ခာအပြည့်အစုံနဲ့ ပတ်သွားနေတာဖြစ်ပြီး တောထဲမှာတွေ့တဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ရေခပ်ခိုင်းတာ၊ အလုပ်ခိုင်းတာတွေရှိတာကြောင့် စစ်ရှောင်ပြည်သူတွေ ကြောက်လန့်နေကြတယ်လို့ သိရပါတယ်။
ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းကို ဇွန်လ ၁၇ ရက်နေ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ် အင်အား ၃၀ ကျော်က ဒီမော့ဆိုမြို့ကနေ ခြေလျင်နဲ့လျှောက်လာပြီး ထီးဖိုးကလိုးအုပ်စုမှာ တပ်စွဲနေထိုင်သလို ရွာထဲလမ်းဘေးက အိမ်အချို့ကိုလည်း မွှေနှောက်ရှာဖွေပြီး တန်ဖိုးကြီးတဲ့ပစ္စည်းတွေဆိုရင် ယူသွားကြတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။
စစ်ရှောင်ပြည်သူ တစ်ထောင်နီးပါးရှိပြီး ဒီမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာ ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကလည်း ရွာအတွင်း စစ်ရှောင်ရှိတဲ့နေရာထိ လက်နက်ကြီးပစ်ခတ်နေတာကြောင့် ညတွင်းချင်း နေရာရွေ့ပြောင်းခဲ့ရပါသေးတယ်။
ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေးက ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ယာယီအပစ်ခတ်ရပ်ဆဲတာကို ထုတ်ပြန်ထားပြီးနောက် ဇွန်လ ၁၇ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က ဒီမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းကို အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
“အခု အပစ်ခတ်ရပ်စဲရေးလုပ်ကြတယ်လို့ ပြောကြတယ် ဒါပေမယ့် ကျတော်တို့ ဒီမော့ဆိုအရှေ့ဖက်ခြမ်းကို တစ်ဖက်သတ်ဖိနေတယ်လို့ ခံစားရတယ်ပေါ့။ နောက်ကွယ်က ဘယ်သူတွေက ဘယ်သူတွေနဲ့ အပေးအယူလုပ်ထားကြလဲဆိုတာ ကျတော်တို့လည်း နားမလည်ဘူး။ အဲ့တော့ ဒီမော့ဆိုအရှေ့ဖက်ခြမ်းကို တစ်ဖက်သတ်ဖိနေတာလဲပေါ မေးခွန်းထုတ်စရာရှိတယ်ပေါ့။ တခြားဒေသ တိုင်းဒေသကလူတွေကိုလည်း ကျတော်တို့ ဒီမော့ဆိုမြို့ အရှေ့ဖက်ခြမ်းကို အာရုံစိုက်ပေးဖို့ ကျတော့်အနေနဲ့ပြောချင်တယ်” လို့ စစ်ရှောင်ပြည်သူတစ်ဦးက ပြောဆိုလိုက်ပါတယ်။
KNDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ယာယီအပစ်ရပ်ဆဲရေးလုပ်ထားပေမယ့်လည်း စစ်ကောင်စီဖက်ကနေ ဒီမော့ဆိုမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်မှုတွေရှိခဲ့သလို ကျေးရွာအတွင်း တပ်စွဲနေထိုင်တာတွေ မြို့ဝင်/မြို့ထွက်ဂိတ်တွေမှာ ခရီးသွားပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။







