ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အတွင်း လမ်းမကြီးတစ်လျှောက်ရှိ လူနေအိမ်နဲ့ ဈေးဆိုင်အများအပြား ဖျက်ဆီးခံရပြီး ပျက်ဆီးမှုတွေ များပြားတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ဒီမော့ဆိုမြို့နယ်အတွင်းက ဒေသခံတွေ မိမိနေအိမ်ကို ပြန်လို့ရကြောင်း ဖုန်းဆက်အသိပေးတာကြောင့် ပြန်ကြည့်တဲ့အခါမှာ နေအိမ်က ရစရာမရှိအောင် ပျက်ဆီးမှုရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အိမ်ကတော့ ကျည်ဆံကော လက်နက်ကြီးကော ထိထားတယ် လက်နက်ကြီးကျတဲ့ဟာကော ရှိသေးတယ် ပစ္စည်း TV ရေခဲသေတ္တာ ဗီဒိုကော အဝတ်အစားကော ဖျက်ဆီးခံရတယ် ပစ္စည်းအကောင်း အဝတ်အစားကော ဘာတစ်ခုမှမရှိတော့ဘူး။ အိုးခွက်ပန်းကန်အသစ်တွေဆိုရင်လည်း မရှိတော့ဘူး။ ဟောင်းနွမ်းတဲ့ပစ္စည်းဆိုရင် ရိုက်ခွဲခံရတယ် အိမ်ထဲ ခြံထဲ ရှိသမျှပစ္စည်း အကုန်ပျက်စီးကုန်ပြီ။ လက်နက်ကြီးထိတာလား လူပဲရိုက်ခွဲတာလားတော့မသိဘူး အကုန်ပျက်ဆီးပဲ ရစရာကိုမရှိဘူး” လို့ အဆိုပါဒေသခံတစ်ဦးက ပြောပါတယ်။
ဒီမော့ဆိုမြို့နယ်တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က မြို့ပေါ်ရှိ ရပ်ကွက်၊ လူနေအိမ်တွေအထိ တပ်စွဲထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
တပ်စွဲထားတဲ့အတောအတွင်း ပြည်သူတွေရဲ့ နေအိမ်ထဲထိ ဝင်ရောက်အကြမ်းဖက်ပြီး ဖျက်ဆီးတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
လူနေအိမ်အနီးတစ်ဝိုက်မှာလည်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေ တွေ့ရှိတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်ပြီး ရပ်ကွက်ရှိနေအိမ်အများအပြား လက်နက်ကြီးထိမှန်မှုကြောင့် ပျက်ဆီးမှုများပြားတယ်လို့ သိရပါတယ်။







