စစ်ရှောင်တဲ့နေရာမှာ ၁ နှစ်အောက်ကလေးငယ်တွေ နာမကျန်းအဖြစ်များနေပြီး ဆေးဝါးများအထူးလိုအပ်နေ

စစ်ရှောင်တဲ့နေရာမှာ ၁ နှစ်အောက်ကလေးငယ်တွေ နာမကျန်းအဖြစ်များနေပြီး ဆေးဝါးများအထူးလိုအပ်နေ

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာနေပြည်သူတို့က လွတ်ရာနေရာမှာ တိမ်းရှောင်နေကြရသလို ရှောင်တိမ်းတဲ့နေရာမှာ မွေးကင်းစ လသားအရွယ်ကစ ၁ နှစ်အောက်ကလေးငယ်တွေ နာမကျန်းအဖြစ်များနေတာကြောင့် ဆေးဝါးလိုအပ်နေတယ်လို့ သိရပါတယ်။

“အထူးသဖြင့်ပြောချင်တာက ကလေးတွေပေါ့နော်၊ ကလေးငယ်တွေက ပန်းနာရင်ကြပ်တွေဖြစ်ကြတယ်၊ အထက်လှန်အောက်လျှောတွေဖြစ်တယ်၊ ဆိုတော့ ဓာတ်ဆားတွေကအစပေါ့၊ အဲဒါတွေ လုံလုံလောက်လောက်မရှိဘူးပေါ့နော်။ အဖျားတိုင်းတဲ့ သာမိုမီတာကအစ မရှိဘူး။ ကျမတို့ကလည်း အလောတကြီးဆိုတော့ ဘာပစ္စည်းမှမပါဘူးလေ၊ လောလောဆယ်တော့ ဒီဖက်မှာ ဘာမှမရှိဘူးလို့ ပြောရမှာပေါ” စစ်ရှောင်နေရတဲ့နေရာက ဒေသခံတစ်ဦးက ပြောပါတယ်။

အလောတကြီး စစ်ဘေးရှောင်ခဲ့ရတဲ့အတွက် လိုအပ်တဲ့ဆေးဝါးမပါသလို သောက်သုံးရေလည်း ရှားပါးနေတာကြောင့် ဖျားနာခြင်း၊ ချောင်းဆိုး/နှာစေးခြင်း၊ ရင်ကြပ်ခြင်း၊ အထက်လှန်အောက်လျှော၊ ဝမ်းပျက်ဝမ်းလျှော စတာတွေကို ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ကလေးငယ်တွေက နွေးနွေးထွေးထွေးမနေရသလို လိုအပ်တဲ့ ဆေးဝါးကုသမှုကိုလည်း မလုပ်နိုင်သေးဘဲ ရှိတဲ့ဆေးနဲ့ပဲ အသုံးပြုနေရတယ်လို့ သိရပါတယ်။

“ဆေးဝါးတွေက မရှိဘူး၊ မရှိသလောက်ပဲပေါ့နော်၊ အနီးအနားရွာမှာ သူတို့ဆောင်ထားတဲ့ဆေးတွေလောက်ပဲ မျှပြီးသုံးပေးတာပေါ့နော်။ အနာနဲ့ ဆေးနဲ့မကိုက်တာတွေရှိတယ်၊ ကလေးငယ်တွေဖြစ်တဲ့အတွက် ကလေးငယ်အတွက် သီးသန့်သုံးရတဲ့ဆေးလိုတယ်၊ အဲလိုတွေမရှိဘူးပေါ့။ လူကြီးတွေဟာထဲကနေပြီး ဥပမာ - ပါရာဆိုရင်လည်း အလုံးကိုခြမ်းပြီးတိုက်ရတယ်၊ အဲလိုပေါ့နော။ ဆေးတွေကတော့ မရှိသလောက်ပဲပေါ့နော်၊ လောလောဆယ်” လို့ ၎င်းကပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူအနေနဲ့ နေရာထိုင်ခင်း၊ မိုးကာ၊ စောင်၊ ဖျာ၊ သောက်သုံးရေ၊ ဆေးဝါးလိုအပ်နေပြီး စားသောက်ရိက္ခာလည်း အလုံအလောက် ဖူလှုံမှုမရှိသေးတာကြောင့် အလှူရှင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

“တိုက်ပွဲဖြစ်တော့ ဒီလိုပဲ တစ်ချို့ကထွက်ပြေးကြတော့ စားဖို့သောက်ဖို့လည်းမပါဘူး။ အိပ်ဖို့နေရာတော့ရှိတယ်၊ မိုးကာတို့ အဲလိုမျိုးတွေခက်ခဲတာပေါ့နော။ ခက်ခဲခါကျတော့ နေရာထိုင်ရတာ အဆင်မပြေဘူးပေါ့။ ပြီးတော့ တချို့ကလေးတွေဆိုရင်လည်း ဒီလိုစစ်ရှောင်ရင်း ဒုက္ခတွေ့နေတဲ့ကလေးတွေလည်းရှိတယ်လေ၊ သူတို့အတွက်လည်း ဆေးဝါးတွေလိုတယ်။ တော်တော်တော့ ဆိုးဝါးတာရှိတယ်ဗျ။ အခုဒီမှာက ဆေးကုသဖို့က အလုံအလောက်မရှိဘူး။ ပါရာဆို လေး၊ ငါးလုံး အဲ့လိုပဲရှိတယ်၊ ဆေးဝါးတွေက တစ်ခုစီ အရက်ပျံတို့ တစ်ခုစီလောက်ပဲရှိတယ်၊ အလုံလောက်မရှိဘူးပေါ့နော။ ခုဖြစ်နေတဲ့အခြေနေနဲ့ ဆေးဝါးနဲ့က မလုံလောက်ဘူးဖြစ်နေတယ်” လို့ စစ်ဘေးရှောင်အရေး လိုက်ပါကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ရှောင်တဲ့နေရာမှာ ဒီမော့ဆိုမြို့နယ်မှာရှိတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က ပြည်သူ ၂,၀၀၀ နီးပါးရှိပြီး သက်ကြီးရွယ်အိုနဲ့ ၁၀ နှစ်အောက်ကလေးတွေ အများဆုံးဖြစ်တဲ့အပြင် စစ်ဘေးရှောင်စခန်း တိကျစွာမရှိသေးတာကြောင့် ကြုံရာနေရာမှာ စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။

မေလ ၂၁ ရက်နေ့ကစပြီး ဒီမော့ဆိုမြို့၊ လွိုင်ကော်မြို့၊ ရှမ်း-ကယားနယ်စပ်၊ ရှမ်းပြည်နယ်တောင်ပိုင်း အစရှိတဲ့နေရာတွေမှာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) နဲ့ အကြမ်းဖက်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဖက်က လက်နက်ကြီးတွေအသုံးပြုပြီး ပစ်ခတ်နေတာကြောင့် ဘာသာရေးအဆောက်အအုံ၊ လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သလို စစ်ဘေးရှောင်သူဦးရေ ၅၀,၀၀၀ အထက်ရှိနေပြီလို့ သိရပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...