ဒီမော့ဆိုမြို့တွင် စစ်ကောင်စီက လမ်းသွားလမ်လာပြည်သူများကို ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးကာ အချို့ဒဏ်ရာရရှိ

ဒီမော့ဆိုမြို့တွင် စစ်ကောင်စီက လမ်းသွားလမ်လာပြည်သူများကို ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးကာ အချို့ဒဏ်ရာရရှိ

ဒီမော့ဆိုမြို့မှာ ဒီကနေ့ မေလ ၂၆ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လမ်းသွားပြည်သူတွေကို သေနတ်နဲ့ပစ်ခတ်ရာ ဆိုင်ကယ်စီးလာတဲ့ ပြည်သူနှစ်ဦး ကျည်ထိမှန်ခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို အမျိုးသားတစ်ဦးမှာလည်း လက်မောင်းအောက်နားမှာ ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

“ဆိုင်ကယ်စီးတဲ့ ၂ ယောက်က ကျတော်နဲ့အတူတူရှိနေတဲ့ သူရဲ့အမျိုးသမီးနဲ့ သူ့ညီပေါ့နော်။ ပစ်ခတ်တဲ့အသံကလည်း ရပ်ကွက်ထဲကနေ အရှင်းသားကြားနေရတယ်၊ အဲ့ချိန်တုန်းက၊ ကျတော့်ရဲ့ ကိုယ်ပိုင်သုံးသပ်ချက်အရဆိုရင် သူက (စစ်ကောင်စီ) ခြောက်ပစ်တာထင်တယ်၊ ဟိုနေရာပစ်လိုက် ဒီနေရာပစ်လိုက် အသံကတော့ သေချာပါတယ်၊ လက်နက်ကြီးလည်းမဟုတ်ဘူး၊ ပြင်းအားကြီးတဲ့လက်နက်မျိုးပေါ့နော်” လို့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

ဒီမော့ဆိုမြို့ - ဖရူဆိုသွားတဲ့လမ်းမကြီးရှိ ငွေတောင်ဆည်အကျော်၊ တံတားဖြူနားအနီးတစ်ဝိုက်မှာ ဒီမနက်က စစ်ကောင်စီဖက်က ပစ်ခတ်မှုအနည်းငယ်ရှိခဲ့ပြီး အဆိုပါ လမ်းသွားလမ်းလာပြည်သူနှစ်ဦးကို ထိမှန်ခဲ့တာပဲဖြစ်ပါတယ်။

ဒီမော့ဆိုမြို့နယ်ကို စစ်ကောင်စီတပ်က တာဝေးပစ် အမြောက်လက်နက်ကြီး၊ တင့်ကား၊ အမြောက်ကား၊ လေကြောင်း စတဲ့အရာတွေနဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ကို ထိုးစစ်ဆင်လာနိုင်ဖွယ်ရှိတဲ့အတွက် ဒီမော့ဆိုမြို့နယ်မှာ နေထိုင်ကြတဲ့ မိဘပြည်သူတွေ လုံခြုံစေရေးအတွက် စစ်ရှောင်စခန်းကို အမြန်ဆုံးသွားရောက်ခိုလှုံကြဖို့ မေလ ၂၅ ရက်နေ့မှာ ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးအကြောင်းကြားထားပါတယ်။

ဒီမော့ဆိုမြို့မှာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ နေ့စဉ် ပစ်ခတ်မှုဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကနေ လက်နက်ကြီး၊ တင့်ကားတွေသုံးပြီး ပစ်ခတ်နေသလို ရဟတ်ယာဉ်၊ Drone နဲ့ စောင့်ကြည်မှုရှိနေတယ်လို့ KPDF ကပြောပါတယ်။

ဒီမော့ဆိုမြို့မှာ ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ပြည်သူဦးရေ သောင်းကျော်ရှိနေပြီး ၎င်းတို့အတွက် ဆေးဝါး၊ စားနပ်ရိက္ခာ၊ အသုံးအဆောင်ပစ္စည်း၊ ရေ လိုအပ်လျက်ရှိနေပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...