‘ယုဇန ကုမ္ပဏီ အလိုမရှိ’ ဆန္ဒဖော်ထုတ်သော ရွာသားတချို့ကို အာဏာသိမ်းစစ်တပ်က ရှာဖွေနေ

‘ယုဇန ကုမ္ပဏီ အလိုမရှိ’ ဆန္ဒဖော်ထုတ်သော ရွာသားတချို့ကို အာဏာသိမ်းစစ်တပ်က ရှာဖွေနေ

ဟူးကောင်းချိုင့်ဝှမ်းဒေသ အာဏာသိမ်းစစ်တပ်အောက် ယုဇနကုမ္ပဏီကို အလိုမရှိကြောင်း ဧပြီလ ၇ ရက်နေ့ ဆန္ဒဖော်ထုတ်ခဲ့သော ဒေသခံခေါင်းဆောင်များကို ရှဒူးဇွပ်ကျေးရွာအခြေစိုက် စစ်တပ်က ရှာဖွေနေကြောင်း သိရသည်။

လီဒိုလမ်းမပေါ်ရှိ တိန်းကောက်၊ အောင်ရာ၊ စံပြ၊ ရှဒူးဇွပ်၊ ဝါရာဇွပ်၊ နှောင်းမီ နှင့် တနိုင်း စသောကျေးရွာများတွင် ယုဇနကုမ္ပဏီကို ထွက်ခွာသွားရန် ကျေးရွာအလိုက် နံနက် ၇ နာရီတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒပြပွဲပြီးနောက် မွန်းလွဲ ၁နာရီခန့်တွင် ဆန္ဒပြပွဲကို ဦးဆောင်သူဟု ယူဆရသောသူ၏ နေအိမ်သို့ စစ်သားများက လာရောက်ရှာဖွေခဲ့ကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။

“စစ်သား အယောက် ၁ဝ ကျော်က လယ်တောထဲရောက်လာပြီး လာရှာတယ်။ သူ မရှိတော့ ဖုန်းပြန်ဆက်ခိုင်းတယ်။ ပြီးရင်ပတ်ပတ်လည် ရှာကြတယ်။ မတွေ့တော့ သူပြန်လာရင် ရှဒူးဇွပ်ကျေးရွာက ခလရ (၂၉၇) စစ်သားတွေလာရှာတယ်လို့ပြောပေး။ ပြီးတော့ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီး တပ်ရင်းကိုလာခိုင်းလိုက်” ဟု ပြောဆိုခဲ့ကြောင်း ရှာဖွေခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ဒေသခံတောင်သူများက ‘ယုဇနကုမ္မဏီအလိုမရှိ၊ မြေယာသည် တောင်သူများအတွက်ဖြစ်သည်၊ မြေယာပိုင်ရှင်သည် ဒေသခံတောင်သူများသာဖြစ်သည်၊ ဒေသခံပြည်သူများသည် CDM ကိုထောက်ခံသည်၊ ယုဇနကုမ္မဏီ ချက်ချင်းထွက်” စသော ကြွေးကြော်သံများနှင့်အတူ မိမိကျေးရွာတွင် မိမိအစီစဉ်ဖြင့် ဆန္ဒပြထုတ်ဖော်ခဲ့ကြောင်း သိရသည်။

စစ်တပ်လက်အောက်ခံ ဦးဌေးမြင့် ဦးဆောင်သော ယုဇနကုမ္ပဏီကို ယခင် ဦးသန်းရွှေ စစ်အစိုးရလက်ထက် ၂၀၀၆ ခုနှစ်ခန့်က ဟူးကောင်းဒေသ မြေဧက ၄ သိန်းကျော်ကို ပီလောပီနံ စိုက်ပျိုးရန် ခွင့်ပြုပေးခဲ့သည်။

ဒေသခံများ၏ မြေယာ မတရားသိမ်းယူထားမှုကို အမြန်စွန့်လွတ်ပေးရန် ဒေသခံများက NLD အပါအဝင် အစိုးရအဆက်ဆက်ကို တောင်းဆိုခဲ့သော်လည်း ၁၄ နှစ်ကြာအထိ နှစ်နာနေရဆဲဖြစ်သည်။

အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ နံနက် ၁ နာရီခန့်တွင် ယုဇန ကုမ္ပဏီဝင်းအတွင်း ဂိုဒေါင်နှင့် စက်ယန္တရားများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်ဖျက်ဆီးပေးခဲ့ပြီး ဧပြီလ ၇ရက်နေ့ နောက်ဆုံထားပြီး ဟူးကောင်းဒေသမှ ထွက်ခွာသွားရန် ပြောဆိုထားကြောင်း ဒေသခံများမှ သိရသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ အောက် တပ်ရင်းများနှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲပုံမှန်ဖြစ်ပွားနေသောကာလတွင် ဒေသခံများက ယုဇနကုမ္ပဏီအလိုမရှိကြောင်း အရဲစွန့် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week

January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...