လေးမျက်နှာ၌ ရေဆက်တိုး၊ ပိတ်မိနေသူများကို ဆက်လက်ကယ်ထုတ်နေရ

လေးမျက်နှာ၌ ရေဆက်တိုး၊ ပိတ်မိနေသူများကို ဆက်လက်ကယ်ထုတ်နေရ

ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် ရေဆက်လက်တိုးလာနေဆဲဖြစ်ပြီး နေအိမ်များအတွင်း ပိတ်မိနေသူများ ကို ကယ်ထုတ်ခြင်းနှင့် အကူအညီများ ပေးအပ်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေရကြောင်း ကူညီကယ်ဆယ် ရေး လုပ်ဆောင်နေသူများက ပြောသည်။

ဇူလိုင်လ ၃၀ ရက်နေ့ကစတင်ကာ မြစ်ကျိုးရွာအနီးရှိ ငဝန်မြစ်ရေကာတာ တာဘောင် ကျိုးပေါက်ခဲ့ခြင်းကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက်များအပါအဝင် အနီးပတ်ဝန်းကျင် ဒေသအားလုံးနီးပါး ရေကြီးရေလျှံမှုများ ဖြစ်ပေါ် နေခြင်း ဖြစ်သည်။

ဒေသတွင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူက “တချို့ကျတော့လည်း ရသလောက် ကပ်နေကြတာ ရှိတယ် ဗျာ။ အဲ့ဒီလိုတွေကျ လုပ်ရကိုင်ရခက်တယ်။ တော်တော်များများတော့ အကူအညီတောင်းတာနဲ့ လှမ်းသွား ကြတာပဲ။ အကုန်လုံးလည်း လှေတွေနဲ့ လှည့်ပြီး သွားနေ၊ ကူနေကြပါတယ်ဗျ” ဟု ပြောသည်။

ထိုကဲ့သို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်သည်မှာ လေးရက်ရှိလာပြီဖြစ်သော်လည်း ရေပိုမို များပြားလာခြင်း၊ လှေနှင့် စက်သုံးဆီကဲ့သို့သော ကိရိယာများ မလုံလောက်ခြင်း၊ ဖုန်းလိုင်းများ မရရှိခြင်းတို့ ကြောင့် နေအိမ်များအတွင်း ပိတ်မိနေဆဲဖြစ်သော ရေဘေးသင့်ပြည်သူများ ရှိနေဆဲဖြစ်ကာ ကူညီကယ်ဆယ် ရေးများကို ဆက်လက်လုပ်ဆောင်နေရကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆက်ပြောသည်။

၎င်းက "ရေကြီးတာက မိုးရွာ တောင်ကျရေများလို့ သာမန်ရေကြီးတာမဟုတ်ဘူး။ ကာလရှည်နိုင်တယ်။ ဘယ်လောက်အထိ ကြာမလဲ ဘယ်သူမှ မှန်းမတတ်ဘူး။ ဖြစ်နိုင်ရင်တော့ အိမ်တွေစွန့်ပြီး ဘေးလွတ်ရာကို အကုန်လုံးရွှေ့စေချင်တယ်" ဟု ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် လေးမျက်နှာမြို့နယ်၏ ရေဘေးကူညီကယ်ဆယ်ရေးများအတွက် အနီးအနား ဒေသများသာမက ရန်ကုန်၊ မန္တလေးနှင့် ဘားအံအပါအဝင် ဒေသအသီးသီးမှ ပရဟိတအသင်းအဖွဲ့များစွာ လာရောက်ကူညီပေး လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

လေးမျက်နှာမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက “တာကျိုးမှုအခြေအနေကတော့ ပိုဆိုးလာပါတယ်။ ဆက်ပြီး တော့လည်း ရေတွေ ဝင်နေပါတယ်။ ကူညီကယ်ဆယ်ရေးတွေ အလွန်အားကောင်းပါတယ်။ ဒေသစုံက လာနေ ကြပါတယ်” ဟု ပြောသည်။

စစ်အုပ်စုဘက်ကမူ မြို့ပေါ်ရပ်ကွက် ငါးခုနှင့် ကျေးရွာအုပ်စု ငါးခုတို့၌ ရေကြီးနေပြီး အိမ်ခြေ ၁,၇၃၄ အိမ်မှ လူဦးရေ ၈,၃၈၂ ဦး ရေဘေးသင့်နေကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ကျေးရွာအုပ်စု ခြောက်ခုမှ တောင်သူ ၂,၅၉၃ ဦးတို့၏ မိုးစပါးစိုက်ဧက ၆,၃၇၁ ဧက ရေနစ်မြုပ်ခဲ့ပြီး နွား ၂၄၆ ကောင်၊ ဝက် ၃၆၉ ကောင်နှင့် ဆိတ် ၁၂၀ ကောင်တို့ကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရ ကြောင်း ဖော်ပြထားသည်။

သို့သော် မြေပြင်၌ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးကမူ အိမ်ခြေ ၃,၁၅၈ စုမှ လူဦးရေ ၁၄,၀၅၆ ဦးအထိ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသော် လည်း အဆိုပါအရေအတွက်နှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...