စစ်တပ်က ဖမ်းသွားသည့် ဘီးလင်းဒေသခံ ၂ ဦး ပျောက်ဆုံးနေ

စစ်တပ်က ဖမ်းသွားသည့် ဘီးလင်းဒေသခံ ၂ ဦး ပျောက်ဆုံးနေ

မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန် ဖမ်းဆီး ခေါ်ဆောင်သွားသည့် ဒေသခံအရပ်သား ၂ ဦးမှာ လက်ရှိချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့က အင်အား ၁၀၀ ကျော်ပါရှိသည့် စစ်ကော်မရှင် ပူးပေါင်းစစ်ကြောင်းများသည် တက်တူကုန်းကျေးရွာရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ကုန်သွယ်ရေးဂိတ်စခန်းကို ဝင်ရောက်စီးနင်းခဲ့ သည်။

ထိုသို့ ဝင်ရောက်စီးနင်းစဉ် ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်မောင်း အမျိုးသားတစ်ဦးနှင့် တက်တူကုန်းကျေးရွာနေ ကိုခွန်ထက်ဦးတို့ ၂ ဦးကို စစ်ကြောင်းက ရိုက်နှက်ဖမ်းဆီးကာ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦး ပျောက်ဆုံးနေသည်မှာ တစ်လနီးပါး ရှိလာပြီ ဖြစ်သည်။

ထို့ပြင် စစ်ကော်မရှင် စစ်ကြောင်းသည် ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များကိုလည်း သိမ်းဆည်းခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့သည်။

ဒေသခံတစ်ဦးက “စစ်ကြောင်းက လူ ၂ ဦးကို ဖမ်းသွားတယ်။ ပစ္စည်းတွေ ကားတွေကိုလည်း မီးရှို့ဖျက်ဆီး သွားတယ်။ ဖမ်းသွားတဲ့ ၂ ဦးက ဘာသတင်းမှ မရဘူး” ဟု ပြောသည်။

စစ်တပ် စစ်ကြောင်းသည် တက်တူကုန်းကျေးရွာနှင့် ကြက်ခြေခတ်ကျေးရွာအကြားရှိ နေအိမ်များနှင့် ကုန်စုံဆိုင် များကိုပါ ဖောက်ထွင်းဝင်ရောက်ကာ အိမ်တွင်းရှိပစ္စည်းများကို သိမ်းယူသွားခဲ့ပြီး နေအိမ် ၆ လုံးထက်မနည်းကို လည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်။

ဒေသတွင်း စစ်ကြောင်းထိုးလာသည့် အဆိုပါစစ်ကြောင်းသည် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့နှင့်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဘီးလင်းမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းနှင့် တိုက်ပွဲများကြောင့် ဒေသခံအရပ်သား ပြည်သူများ၏ အသက်အိုးအိမ်နှင့် ပိုင်ဆိုင်မှုများ ထိခိုက်ဆုံးရှုံးရသည့်အပြင် လုံခြုံရေးအခြေအနေမှာလည်း စိုးရိမ်ဖွယ်ရာ ဖြစ်ပေါ်နေကြောင်း KNU က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဘီးလင်းမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အပြင် စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေပြီး သောင်းနှင့်ချီသည့် ဒေသခံပြည်သူတို့မှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်သည်။

Most read this week

ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...
(ပြန်/ဆက်) ဇူလိုင်လအတွင်း ပေါင်မြို့နယ်၌ စားအုန်းဆီ လာရောက် ရောင်းချပေးနေစဉ်။
August 21, 2026
မွန်ပြည်၊ ပေါင်မြို့နယ်ရှိ စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ ကောက်ခံနေသည့် စစ်မှုထမ်းကြေးကို...