ရွာငံတွင် စစ်တပ် အင်းအားဖြည့်တင်းပြီး ဒေသခံများကို ဖမ်းဆီးရိုက်နှက်

ရွာငံတွင် စစ်တပ် အင်းအားဖြည့်တင်းပြီး ဒေသခံများကို ဖမ်းဆီးရိုက်နှက်

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းသို့ စစ်တပ်က နေ့စဉ် အင်အားဖြည့်တင်းလျက်ရှိပြီး အရပ်သား ပြည်သူများကို ဖမ်းဆီးရိုက်နှက်ခြင်းများ ဆက်တိုက်ကျူးလွန်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

လက်ရှိတွင် နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်များတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့က ပွေးနဖားကျေးရွာတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဦးဇင်းတစ်ပါး ကို စစ်ဆေးမေးမြန်းစရာရှိသည်ဟု ဆိုကာ ခေါ်ဆောင်သွားခဲ့ပြီးနောက် ဇူလိုင်လ ၂၁ ရက် နံနက်ပိုင်းတွင် ပွေးနဖားနှင့် နွားဘန်းကြီးသွားလမ်း၌ အဆိုပါဦးဇင်း၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း စစ်တပ်က နွားဘန်းကြီးနှင့် ပွေးနဖားကျေးရွာများဘက်သို့ စစ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တပ်စွဲကာ နေ့စဉ်နီးပါး စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံများမှာ တောင်ယာ ခြံများသို့ သွားရောက်လုပ်ကိုင်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

နွားဘန်းကြီးကျေးရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက “စစ်သားတွေ တစ်ခါလာရင် တစ်ရာလောက်ရှိတယ်၊ ရွာထဲမှာ တပ်စွဲထားတယ်။ တောဘက်ကို စစ်ကြောင်း နေ့တိုင်းသွားတယ်၊ သူတို့က နေ့တိုင်းနီးပါး စစ်ကြောင်း ထိုးနေတော့ တောင်ယာခြံတောင် မသွားရဲဘူး။ အခုတလော ရွာငံမှာ ဖမ်းဆီးကြမ်းနေတော့ ကိုယ်လည်း ဖမ်းမှာကြောက်နေရတာ” ဟု ပြောသည်။

ထို့ပြင် ရွာငံမြို့ပေါ် ရပ်ကွက်များတွင်လည်း အမျိုးသမီးများအပါအဝင် မြို့ခံ ၄ ဦးကို စစ်တပ်က ဖမ်းဆီးသွား ခဲ့ကြောင်း ၎င်းက ဆိုသည်။

အလားတူ ရေဦးကျေးရွာဘက်တွင်လည်း ဇနီးမောင်နှံနှစ်ဦးကို စစ်ကော်မရှင်တပ်က စစ်ဆေးမေးမြန်းစရာ ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့ရာ လက်ရှိချိန်ထိ အဆက်အသွယ် မရရှိသေးပေ။

ဆက်လက်၍ ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့ကလည်း ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာသို့ စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ကာ ရွာသားများကို ဖမ်းဆီးရိုက်နှက်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးသွား ခဲ့ရသည်။

ဖြစ်စဉ်ကို သိရှိသည့် ဒေသခံ အမျိုးသားတစ်ဦးက “အခုကတော့ ကျောက်ငှက်မှာ နည်းနည်းလေး အခြေအနေ ငြိမ်နေတယ်။ စစ်သားတွေတော့ ရှိတယ်၊ ရွာသားတွေ နည်းသွားတယ်။ ရှောင်နေကြတဲ့သူတွေလည်း ရှိတော့၊ စစ်တပ်က ဖမ်းပြီး ရိုက်လို့ ရွာသား တစ်ဦး သေသွားတယ် ဘာမှ တာဝန်ယူမှုမလုပ်ပေးဘူး။ သတင်းလည်း ပေး မထွက်ဘူး။ အလောင်းကိုတောင် သူတို့ရှေ့မှာ တန်းမြှုပ်ရတယ်" ဟု ပြောသည်။

အဆိုပါ သေဆုံးသူမှာ ကျောက်ငှက်ကျေးရွာမှ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ကျေးရွာ အတွင်း မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းနှင့်မျှ ပတ်သက်ဆက်နွှယ်မှု မရှိသူဖြစ်ကာ အနေအေးသူ တစ်ဦးသာ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက် နေ့လယ်ပိုင်းကလည်း ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာအုပ်စု၊ ဆင်ဆာပြား ကျေးရွာအနီးတွင် စစ်တပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲများကြောင့် ရွာငံမြို့နယ်အတွင်း စစ်တပ်က စစ်ဆေးမှုများကို ပိုမိုတင်းကျပ်ထားပြီး ကျေးရွာများ တွင်လည်း စစ်အင်အား အလုံးအရင်းဖြင့် ဆက်လက်တပ်စွဲထားလျက် ရှိသည်။

Most read this week

August 1, 2026
သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ်က ထိန်းချုပ်လာပြီးနောက်ပိုင်း...
July 31, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ...
July 30, 2026
သျှမ်းပြည်တစ်ဝှမ်းတွင် လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု (SGBV) ပုံစံများ စိုးရိမ်ဖွယ်ရာ...
July 27, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က ဒေသခံများကို တွေ့သမျှ...