မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် ဆက်နွှယ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV) ကျူးလွန်သူများ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေဘဲ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာရန် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) - WLB က တိုက်တွန်းလိုက်သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ WLB က တော်လှန်ရေးအင်အားစုများ၊ ဖက်ဒရယ်ယူနစ်များနှင့် နိုင်ငံတကာသို့ ဇူလိုင်လ (၃၁) ရက်နေ့က ထုတ်ပြန်တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
မြန်မာ့ပြည်တွင်းစစ်ပွဲ နှစ်ပေါင်း (၇၀) ကျော်ကြာအတွင်း အာဏာရှင်အဆက်ဆက်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်သဖွယ် ရည်ရွယ်ချက်ရှိရှိ အသုံးပြုကျူးလွန်လျက်ရှိရာ ယခု အာဏာသိမ်း (၅) နှစ်တာကာလ တစ်လျှောက်တွင်လည်း CRSV နှင့် လိင်ပိုင်းဆိုင်ရာနှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု (SGBV) ဖြစ်စဉ်ပေါင်း (၉၆၃) ကျော် ဖြစ်ပွားခဲ့ကြောင်း WLB က မှတ်တမ်းတင်ထားသည်။
သို့ရာတွင် ကျူးလွန်ခံရသူ အမျိုးသမီးများအတွက် တရားမျှတမှု မရရှိသည့်အပြင် ကျူးလွန်သူများ၏ တာဝန်ယူ၊ တာဝန်ခံမှု ပျက်ကွက်နေပြီး ပြစ်ဒဏ်ပေးခြင်းမှလည်း ကင်းလွတ်ခွင့် ဆက်လက်ရရှိနေဆဲဖြစ်၍ ၎င်းကိစ္စများ အဆုံးသတ်ရန် WLB က တိုက်တွန်းထားခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်ပါ ပြောခွင့်ရ ကရင်နီအမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ မော်ဖရေးမြာက “ဖွဲ့စည်းပုံ၊ ပေါ်လစီမူဝါဒ ရှိရုံနဲ့ မလုံလောက်ဘူး။ ရှင်သန်ကျန်ရစ်သူတွေနဲ့ အတူ ရပ်တည်ပြီး စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု၊ ပြန်လည် ထူထောင် ရေးတွေလည်း လုပ်ဆောင်ပေးဖို့ လိုအပ်တယ်။ ဒါ့အပြင် အသက်ရှင်ကျန်ရစ်သူတွေရဲ့ အသံကို ဗဟိုပြုပြီးတော့ ပြစ်ဒဏ်ကင်းလွတ်မှုတွေကို အဆုံးသတ်ရမှာဖြစ်တယ်” ဟု ပြောသည်။
ပြစ်မှုကျူးလွန်ခံရသူများသည် ခြိမ်းခြောက်မှု၊ ပြစ်တင်ရှုတ်ချမှုနှင့် တိုင်ကြားရန် အတားအဆီးရှိမှုများကိုပါ ရင်ဆိုင်တွေ့ကြုံနေရ၍ WLB က မှတ်တမ်းကောက်ယူနိုင်ခဲ့သည်ထက် လက်တွေ့တွင် ဖြစ်စဉ်ပိုမိုများပြား နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် စစ်တပ်အုပ်ချုပ်မှု တစ်လျှောက်လုံး ဖြစ်ပေါ်လာသည့် CRSV ဖြစ်စဉ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် လည်း ပွင့်လင်းမြင်သာမှု မရှိသည့် လုပ်ငန်းစဉ်များကြောင့် ကျူးလွန်ခံရသူများ တရားမျှတမှုရရှိရေးနှင့် အလှမ်းဝေးနေဆဲဖြစ်သည်ဟု WLB က ဆက်လက်ထောက်ပြထားသည်။
WLB အနေဖြင့် တရားမျှတမှုရရှိရန်နှင့် ကျူးလွန်သူများအားလုံး တာဝန်ယူမှုရှိစေရေး အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များတွင် ဖြစ်စဉ်များကို မှတ် တမ်းတင်ခြင်း၊ နစ်နာကြေးပေးခြင်း၊ ပြန်လည်ကုစားခြင်း၊ အမှုမှန်ဖော်ထုတ်ခြင်းနှင့် နိုင်ငံတကာ တရားမျှတမှု ယန္တရားမှတစ်ဆင့် တာဝန်ခံရန် လုပ်ဆောင်ခြင်းတို့ ပါဝင်နေသည်။
ထို့အတူ စစ်အုပ်စုကို အသိအမှတ်မပြုဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် SGBV ကျူးလွန်ခြင်းများအတွက် အရေးယူရန်၊ တာဝန်ခံမှု ယန္တရားဖော်ဆောင်ရန်၊ ဒေသခံအမျိုးသမီး ဦးဆောင်သည့် အဖွဲ့များကို ပံ့ပိုးကူညီရန်နှင့် အကာအကွယ်ပေးရန်လည်း WLB က တော်လှန်ရေးအင်အားစုများ၊ ဖက်ဒရယ်ယူနစ်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအား အလေးအနက် တိုက်တွန်းတောင်းဆိုထားသည်။






