သံလွင်ကမ်းနံဘေး သောလယ်ထာ့ရှိ စစ်ကောင်စီတပ်ဖွဲ့စခန်းမှ သေနတ်ပစ်ဖောက်၍ ဒေသခံများ ထိတ်လန့်

သံလွင်ကမ်းနံဘေး သောလယ်ထာ့ရှိ စစ်ကောင်စီတပ်ဖွဲ့စခန်းမှ သေနတ်ပစ်ဖောက်၍ ဒေသခံများ ထိတ်လန့်

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းအနီး သောလယ်ထာ့စခန်းရှိ စစ်ကောင်စီ၏ တပ်ဖွဲ့က ယနေ့ (မတ်လ ၂၃) နေ့လည်ပိုင်းတွင် သေနတ်ပစ်ဖောက်ခဲ့သဖြင့် ထိုအနီးတဝိုက်ရှိ ဒေသခံများမှာ စိုးရိမ်ထိတ်လန့်ကာ နေရာပြောင်းရွှေ့နေကြရသည်ဟု သိရသည်။

 

သောလယ်ထာ့ သံလွင်မြစ်ကမ်းနံဘေးတွင် ပုံထားသော စစ်ကောင်စီ၏ တပ်ရိက္ခာဟု ယူဆရသော ကုန် ပစ္စည်းများကို ဒေသခံရွာသားများမှ သွားရောက်ကြည့်ရှုမှုပြုလုပ်ရာတွင် တစ်ဖက်ကမ်းရှိ စစ်ကောင်စီတပ်က သေနတ် ၅ချက်ထက်မနည်း ပစ်ဖောက်ခြင်းဖြစ်သည်ဟု သောလယ်ထာ့ဒေသခံတစ်ဦးက The Reporter ထိုင်းသတင်းဌာနကို ပြောဆိုထားသည်။

ယခုလို အဖြစ်အပျက်ကြောင့် အနီးအနားရှိ ကျေးရွာများမှ ဒေသခံများသည် သောလယ်ထာ့တွင် လာရောက် စျေးဝယ်ယူရန် ဘေးကင်းစွာ သွားလာနိုင်ခြင်း မရှိတော့သည့်အတွက် အဆိုပါနေရာ၌ စစ်ကောင်စီ၏ တပ်ရိက္ခာဟု ယူဆရသော ရိက္ခာကုန်ပစ္စည်းများကို မထားရှိစေလိုတော့ကြောင်းလည်း ထိုဒေသခံက ထပ်မံ ပြောဆိုသည်။

ဆန်အိတ် ၇၀၀ကျော်နှင့် အခြားစားနပ်ရိက္ခာများပါရှိသည့် ၎င်းကုန်ပစ္စည်းများကို မဲဆောက်မြို့မှတဆင့် မယ် ဟောင်ဆောင်ခရိုင်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ် သောလယ်ထာ(မဲ့စလက်) စက်လှေဆိပ်တွင် ပြီးခဲ့သည့် မတ်လ ၂၀ရက်နေ့က ပေးပို့ခဲ့သည်ဟု ထိုင်းသတင်းဌာနအချို့က ဖော်ပြခဲ့သည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နယ်မြေ မူတြော်(ဖာပွန်)ခရိုင်အတွင်းရှိ သံလွင်မြစ်ကမ်းအနီး၀န်း ကျင်တွင် တပ်စွဲထားသည့် မြန်မာစစ်တပ်စခန်းအချို့သို့ စားနပ်ရိက္ခာများ ပေးပို့ရာတွင် နယ်မြေခံ ကေအဲန် ယူ - ကရင်အမျိုးသားအစည်းအရုံး တပ်ဖွဲ့ဝင်များ၏ တားဆီးမှုများရှိသည့်အတွက် ထိုင်းနိုင်ငံသို့ ခွင့်ပြုချက် တောင်းခံကာ ၎င်းဆန်နှင့်စားနပ်ရိက္ခာများကို ထိုင်းနိုင်ငံမှတစ်ဆင့် ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းသတင်း ဌာနအချို့၏ ဖော်ပြချက်အရ သိရသည်။

သို့သော် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆန်ရိက္ခာ တင်ပို့ပေးမှုမှာ မဟုတ်မမှန်ကြောင်းနှင့် အဆိုပါ ကုန် ပစ္စည်းတင်ပို့မှု မှာ ပုံမှန် ကုန်ရောင်းကုန်ဝယ်ကိစ္စတစ်ရပ်သာဖြစ်သည်ဟု တော်ဝင်ထိုင်းစစ်တပ်အကြီးအကဲ ၏ ပြောဆိုချက်ကို ကိုးကား၍ မတ်လ ၂၀ရက်နေ့က ဘန်ကောက်ပို့စ်သတင်းဌာနတွင် ဖော်ပြထားသည်။

ထို့အပြင် ကေအဲန်ယူ၊ မူတြော်ခရိုင် (တပ်မဟာ ၅)ကလည်း မတ်လ ၂၁ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ ၎င်းတို့နယ်မြေအတွင်း ရှိနေသော မြန်မာနိုင်ငံရှိ အာဏာသိမ်း စစ်ကောင်စီ၏ စစ်သည်များအ တွက် အိမ်နီးချင်းနိုင်ငံအာဏာပိုင်များ ရိက္ခာကူညီသယ်ဆောင် ပံ့ပိုးခြင်းကို လုံးဝ သည်းခံမည်မဟုတ် ကြောင်း ပြောဆိုထားသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...