ကျေးရွာတွင်း လိုက်လံဖမ်းဆီးမှုများရှိနေ၍ ဒေသခံရွာသားများ ထွက်ပြေးတိမ်းရှောင်နေရ၊ KNU မှ အကာအကွယ်ပေးရန် တောင်းဆို

ကျေးရွာတွင်း လိုက်လံဖမ်းဆီးမှုများရှိနေ၍ ဒေသခံရွာသားများ ထွက်ပြေးတိမ်းရှောင်နေရ၊ KNU မှ အကာအကွယ်ပေးရန် တောင်းဆို

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အော့ပူ(ရှမ်းဒွတ်) ကျေးရွာတွင် CDM လုပ်ဆောင်နေကြသူများနှင့် ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ကြသည့် လူငယ်များကို ယခုရက်ပိုင်းတွင် ကျေးရွာအတွင်း လိုက်လံဖမ်းဆီး မှုများရှိနေခြင်းကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီမှ အသစ်ခန့်အပ်လိုက်သည့် ကျေးရွာဥက္ကဋ္ဌနှင့် တာဝန်ရှိသူများပူးပေါင်း၍ ကျေးရွာအတွင်း CDM လုပ်ဆောင်နေကြသည့် ဝန်ထမ်းများနှင့် ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သည့် လူငယ်များကို ညပိုင်း လိုက်လံ ဖမ်းဆီးမှုများရှိနေခြင်းကြောင့် ကျေးရွာအတွင်း နေထိုင်ရန် ကြောက်ရွံ့နေကြရကြောင်း အမည်မဖော်လိုသူ ဒေသခံသူတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ကလေးတွေက ဘာအတွေ့အကြုံမှ မရှိကြသေးဘူးလေ။ အခုက ညပိုင်းတွေမှာ လိုက်ဖမ်းနေတော့ လျှောက်ပြေးအိပ်နေကြရတာ အခုထိ မပြန်လာရဲကြသေးဘူး။ သူတို့(တာဝန်ရှိသူ)တွေ လိုက်ခြိမ်းခြောက် နေကြတာ။ CDM ဝင်တဲ့သူတွေကိုလည်း စစ်တပ်နဲ့ ပေါင်းပြီး ဖမ်းမယ်ဆိုပြီး လုပ်နေကြတာ” ဟု ကေအိုင်စီသို့ပြော သည်။

အလားတူ နီးစပ်ရာ ကျေးရွာများတွင်လည်း ဒေသခံ ကျေးရွာသားများမှာ ကြောက်ရွံ့နေကြရပြီး ၎င်းတို့ကို အကာအကွယ်ပေးနိုင်ရန် နှင့် ကျေးရွာအတွင်း ဝင်ရောက်ထိန်းသိမ်းပေးရန်အတွက်လည်း ကရင်အမျိုးသား အစည်းအရုံး-KNU ကို တောင်းဆိုလိုကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

အဆိုပါ အော့ပူ(ရှမ်းဒွတ်) ကျေးရွာသည် KNU တပ်မဟာ (၄) ထိန်းချုပ်ရာ ထိစပ်နယ်မြေအစိတ်အပိုင်း တစ်ခု တွင်ပါဝင်နေကြောင်း နှင့် ကျေးရွာအတွင်း စစ်တပ်ထောက်ခံအားပေးသူများနှင့် စစ်အုပ်ချုပ်ရေးကို မလိုလား သူများဟူ၍လည်း နှစ်ခြမ်းကွဲနေကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ စစ်တပ်ထောက်ခံအားပေးသူများကို စစ်ကောင်စီမှ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ထားကြပြီး CDM နှင့် ဆန္ဒဖော်ထုတ်သူများကို လိုက်လံဖမ်းဆီးမှုတွင် ၎င်းတို့မှ အကူအညီပေးနေခြင်းကြောင့် ဒေသခံများမှာ ကြောက်ရွံ့နေကြရခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

တနင်္သာရီတိုင်းဒေသတွင် နေထိုင်နေကြသည့် ကရင်တိုင်းရင်းသားများအနေဖြင့်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ဆန္ဒဖော်နေကြပြီး ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း ထိန်းချုပ် နယ် မြေအတွင်း ဆန္ဒဖော်ထုတ်သူများကို KNUမှ လိုက်ပါ စောင့်ရှောက်ပေးမှုများရှိခဲ့သည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...