ယခုနှစ် မိုးမကောင်းလို့ ရှားတောမြို့နယ်မြောက်ပိုင်းကျေးရွာတွေမှာ သီးနှံအရနည်း

ယခုနှစ် မိုးမကောင်းလို့ ရှားတောမြို့နယ်မြောက်ပိုင်းကျေးရွာတွေမှာ သီးနှံအရနည်း

မီမြာ — ယခုနှစ်မိုးမကောင်းတဲ့အတွက် ရှားတောမြို့နယ် မြောက်ပိုင်းကျေးရွာတွေမှာ သီးနှံအထွက်နည်းနေတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ရဲ့ ရှားတောမြို့နယ် မြို့နယ်မှူး ခူးမဲရယ်ကပြောပါတယ်။

“ဒီတနှစ် မိုးမကောင်းဘူး။ သူတို့က အများအားဖြင့် တောင်ယာပဲလုပ်ကြတာ။ လယ်လုပ်တာနည်းတယ်။ နှမ်းတွေလုပ်တယ်။ ဆိုတော့ မိုးမရွာတဲ့ အခါကျတော့ အများကြီးဆုံးရှုံးတယ်။” လို့ ကွင်းဆင်းလေ့လာခဲ့တဲ့ ရှားတောမြို့နယ် မှူးခူးမဲရယ်ကပြောပါတယ်။

သီးနှံရိတ်သိမ်းတဲ့အခါ ခါတိုင်းနှစ်တွေရဲ့ ၄ပုံ ၁ပုံလောက်ကိုသာ ပြန်လည်ရရှိတဲ့အတွက် မြောက်ဘက်ပိုင်းရွာတချို့မှာ စားဝတ်နေရေးအခက်အခဲရှိနေကြတယ်လို့ ခူးမဲရယ်ကပြောပါတယ်။

အခုနှစ် မိုးနည်းတာကြောင့် အရှေ့မြောက်ဘက်ပိုင်းက ကျေးရွာ ဖြစ်တဲ့ နန်းအွမ်လေး၊ ဒေါကတယ်၊ တေလွယ်၊ ဒေါလယ်ခူနဲ့ နန်းကြိုင်းလေး ရွာဘက်တွေမှာ သီးနှံတွေ မရကြဘူးလို့ သိရပါတယ်။

ရှားတောမြို့ ဒေါအီစာ ကျေးရွာမှာနေထိုင်တဲ့ ဒေါ်စူးမြာကတော့ စိုက်ပျိုးရေးအဆင်မပြေတဲ့အတွက် အခက်အခဲရှိတယ်လို့ ပြောပါတယ်။

“လယ်လည်းမလုပ်နိုင်ဘူး လယ်က ရေမရှိတဲ့အတွက် မလုပ်နိုင်ဘူး။ တောင်ယာပဲလုပ်တော့တယ် မလုံလောက်တော့ဘူး။ အရင်နှစ်တွေဆို ရေရှိတယ် လယ်တွေလုပ်တယ် အဲ့ကြောင့် စားသောက်ဖို့ လောက်တယ်။ အခုက မိုးသိပ်မရွာတော့ ရေမရှိတဲ့အတွက် လယ်မလုပ်နိုင်တော့ဘူး။ တောင်ယာဆိုရင်လည်း မိုးမကောင်းတော့ အသီးလည်း သိပ်မရဘူး။ ရသင့်သလောက်မရတော့ စားဖို့မလောက်ဘူးဖြစ်သွားတယ်။” လို့ ဒေါ်စူးမြာကပြောပါတယ်။

အခုလို စားဝတ်နေရေးမဖူလုံကြတဲ့အတွက် ဝမ်းရေးအတွက် ရှာဖွေတတ်တဲ့ နည်းလမ်းနဲ့ ရှာဖွေနေကြတယ်လို့ ပရေစိုးလေး လူငယ်ကော်မတီ အတွင်းရေးမှူး မော်မဲမိုကပြောပါတယ်။

“ တောင်ဘက်ပိုင်းက ဖူလုံမှုရှိတယ် ဒါပေမယ့် မြောက်ဘက်ပိုင်းက ဖူလုံမှုမရှိဘူး မိုးကလည်းမကောင်းဘူးဆိုတော့ ဒီတစ်နှစ်မှာ သူတို့တွေက လေးလ ငါးလ အဲ့လောက်ပဲ ဖူလုံမှုရှိတော့တယ်ပေါ့။ ကျန်တဲ့လမှာ သူတို့တွေက တောမှာရှိတဲ့ အင်ဥတွေ သစ်ရွက် သစ်ဖုတွေ အဲ့တာတွေကို ရှာပြီးတော့မှ ရောင်းပြီးတော့မှ ရှာဖွေစားသောက် နေရတဲ့ အခြေအနေမျိုးပဲ လုပ်နေကြသေးတယ်ပေါ့ အထူးသဖြင့် ဒီမြောက်ဘက်ပိုင်းပေါ့ ဘာလို့လဲဆိုတော့ မြောက်ဘက်ပိုင်းက ပိုပူတယ် မိုးလည်းမကောင်းတော့ စပါးအဆင်မပြေဘူး။ တောင်ဘက်ပိုင်းလိုမျိုး စပါးထွက်နှုန်းကမကောင်းဘူး တောင်ဘက်ပိုင်းက တစ်နှစ်စာ တစ်နှစ်စာတော့ ဖူလုံတယ်ပေါ့ ” လို့ မော်မဲမိုကပြောပါတယ်။

အဲ့လို အခက်အခဲဖြစ်နေတဲ့အပေါ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPPအနေနဲ့ ကွင်းဆင်းလေ့လာပြီး ရရှိလာတဲ့ အချက်အလက်တွေအရ ဒေသခံတွေကို ကူညီပေးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ရှားတောမြို့ရဲ့ KNPPမြို့နယ် အုပ်ချုပ်ရေးမှူး ခူးမဲရယ်ကပြောပါတယ်။

“ ကျနော်တို့ဘက်ကတော့ သူတို့ကို ကူညီပေးနိုင်မယ့်လူကို ရှာပေးရမှာပေါ့။ ကျနောတို့ ကောက်ယူရရှိတဲ့အချက်အလက်တွေကို ကူညီပေးနိုင်မယ့်သူတွေကို ပြောပြပေးသွားမယ်။ ကျနော်တို့ အဖွဲ့အစည်း ဌာနဘက်ကို တင်ပြပေးသွားမယ်။ ပြီးတော့ ကျနောတို့ ဌာနဘက်က ရှာပေးနိုင်မယ်လို့ ကျနော်မျှော်လင့်တာပေါ့။” လို့ ခူးမဲရယ်ကပြောပါတယ်။

ရှားတောမြို့နယ်ဟာဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ KNPP လှုပ်ရှားသွားလာနေတဲ့ ဒေသဖြစ်ပြီး တစ်မြို့နယ် လုံးမှ လူဦးရေ ခုနှစ်ထောင်ကျောသာ ရှိပါတယ်။

ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...