အမ်းမြို့နယ် ဒါးလက်မှ လက်နက်ကြီးကျည်ထိမှန်၍ ဒဏ်ရာရသူငါးဖမ်းသမားနှစ်ဦးကို ဆေးရုံသို့ အမြန်ပို့ဆောင်ရန်လိုအပ်နေ

အမ်းမြို့နယ် ဒါးလက်မှ လက်နက်ကြီးကျည်ထိမှန်၍ ဒဏ်ရာရသူငါးဖမ်းသမားနှစ်ဦးကို ဆေးရုံသို့ အမြန်ပို့ဆောင်ရန်လိုအပ်နေ

အိမ်စိုးဖြူ — ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စု၊ ဒါးလက်ရွာဟောင်းကျေးရွာမှ လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရသူ ငါးဖမ်းသမားနှစ်ဦးကို အမ်းမြို့ပေါ်ဆေးရုံသို့ အမြန်ယူဆောင်ရန်လိုအပ်နေသည်ဟု ကျေးရွာလူကြီးတစ်ဦးက ပြောဆိုသည်။

၎င်းတို့နှစ်ဦးမှာ ဦစိန်ဝင်းမောင်(၄ဝ)နှစ်နှင့် ဦးသိန်းမြင့်(၅ဝ)နှစ်တို့ ဖြစ်ကြပြီး အောက်တိုဘာလ ၁ဝ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် လက်နက်ကြီးကျည်ထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု ၎င်းက ပြောသည်။

“ ဒီကနေ့  နေ့လယ် ၂ နာရီကျော်တဲ့ အချိန်ထိ ဆေးကုသမှုခံယူနိုင်ခြင်းမရှိသေးဘူး။ လူနာတွေက မျောနေတယ်။ သေတော့ မသေသေးဘူး။ ဆေးကုဖို့ အမ်းကိုလည်း သွားလို့မရဘူး။ ကဇူးကိုင်းကနေ စစ်တော့။ ဂြိတ်ချောင်းနဲ့ ကဇူးကိုင်းကြားက တောင်တွေက ပစ်တယ်။ သူတို့အတွက် စိုးရိမ်ရတယ်။ သက်ဆိုင်ရာက အမြန်ဆုံး ဆေးကုလို့ ရအောင် ကူညီစေချင်ပါတယ်” ဟုပြောသည်။

၎င်းတို့နှစ်ဦးအနက် ဦးစိန်ဝင်းမောင်တွင် ရင်ဘက်နှင့် ခန္ဓာတစ်တစ်ခုလုံးနီးပါးကျည်စထိမှန်ခဲ့ပြီး ၊ ဦးသိန်းမြင့်တွင် ဘယ်ဖက်ပေါင်နှင့် ညာခြေသလုံးတို့တွင် ထိမှန်ခဲ့ပြီး စိုးရိမ်စရာအခြေအနေဖြစ်ကြောင်း သူကဆက်ပြောသည်။

“ မနေ့ကလက်နက်ကြီးတွေက ရွာဖက်တွေကို အလုံးနှစ်ဆယ်လောက်ကျတယ်။ အဲဒီမှာ သူတို့ နှစ်ယောက်ကို ထိတာ။ ဒဏ်ရာတွေက အတော်ပြင်းတယ်။ အဲဒီမှာ မြန်မာတပ်မတော်ကပဲ တပ်စွဲထားတာပါ။ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး” ဟု ပြောသည်။  

အမ်းမြို့နယ်မှ လူမှုရေးအလုပ်များ လုပ်ကိုင်နေသူ ကိုမျိုးလွင်ကလည်း ၎င်းတို့မှာ ကြားသိရသော်လည်း လူနာများအား သွားရောက်ခေါ်ဆောင်နိုင်ခြင်းမရှိသေးကြောင်းပြောသည်။

“ကျွန်တော်တို့သွားလို့မရဘူး။ အဲဒီဖက်တွေက ဒီကိုလည်း လာလို့မရဘူး။ လူနာတွေက ဒဏ်ရာပြင်းတယ်လို့ ရွာသားတွေ ဆီကသိရတယ်။ သူတို့ ကမ်းထောင်းကြီးဖက်ကိုလည်း သွားလို့မရဘူးလို့သိရတယ်။ သူတို့ အတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမ်းမြို့နယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ၎င်းမှာ အဆိုပါ လူနှစ်ဦး ဒဏ်ရာရရှိခြင်းအား သိရှိထားခြင်းမရှိကြောင်း နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းစဉ် ပြောသည်။

“ ကျွန်တော်တို့က အဲဒီနေရာတွေနဲ့လက်လှမ်းမီတဲ့ နေရာတွေမဟုတ်ဘူး။ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေဆိုတော့။ ဒါပေမဲ့ အဲဒီလိုဒဏ်ရာရတယ်ဆိုရင် ကျွန်တော်ကို ဆက်သွယ်လို့ရတယ်ဆိုတဲ့ ဖုန်းနံပါတ်တွေနဲ့ ကျေးရွာတွေကို ပေးထားတာပဲ။ ကျွန်တော်လည်း လုပ်ပေးနေတာပဲ။ အခုကိစ္စက ကျွန်တော်မသိထားဘူး” ဟုပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းအား အဆိုပါကိစ္စအား မေးမြန်းရန်အကြိမ်ကြိမ်ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

အဆိုပါ ဒါးလက်ရွာဟောင်းကျေးရွာတွင်အိမ်ခြေ(၁ဝဝ)ခန့်နှင့် လူဦးရေ ၅ဝဝ ခန့်ရှိပြီး တိုက်ပွဲများကြောင့် ရွာသားထက်ဝက်ကျော်ခန့်မှာ  အမ်းမြို့ပေါ်နှင့် ကမ်းထောင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများကို ထွက်ပြေးရောက်ရှိနေကြောင်း သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...