KIO “နာမည်” အသုံးချပြီး ပြိုင်ဖက် KSPP ကို အပုပ်ချ မဲဆွယ်မှု NLD တောင်းပန်

KIO “နာမည်” အသုံးချပြီး ပြိုင်ဖက် KSPP ကို အပုပ်ချ မဲဆွယ်မှု NLD တောင်းပန်

လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၎င်း၏ပြိုင်ဖက် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO “အမည်” အသုံးချပြီး မဲဆွယ်စည်းရုံးနေသည်ဟု မမှန်မကန် အပုပ်ချပြောဆိုခဲ့မှုအပေါ် တရား၀င်ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။

‘လာမည့် ရွေးကောက်ပွဲတွင် KIO အဖွဲ့၀င်များအနေဖြင့် တစုံတရာ ထောက်ခံပါ၀င် ပတ်သက်ခြင်း မပြုလုပ်ရန်’ ဟူသော အကြောင်းကြားစာသည် လူမှုကွန်ရက် facebook ပေါ်တွင် စက်တင်ဘာ လ လယ်ပိုင်းက သတိပေး ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ KIO အဖွဲ့၏ တံဆိပ်မပါဘဲ ထုတ်ပြန်သော အဆိုပါစာကို မချမ်းဘော့မြို့နယ် NLD ပါတီလူကြီးများက အသုံးချပြီး “KSPP ကို KIO တောင်မှ မထောက်ခံဘူး”ဆိုကာ မဟုတ်မမှန် မဲဆွယ် စည်းရုံးခဲ့ခြင်းပေါ် တောင်းပန်ခြင်း ဖြစ်သည်ဟု သိရသည်။

“ရွေးကောက်ပွဲ ကော်မရှင်မှာ ပြဿနာညှိနှိုင်းရေးကော်မတီ ရှိပါတယ်။ အဲဒီမှာ ပြဿနာ သွားဖြေရှင်းကြတော့၊ သူတို့ (NLD) ဖက်ကနေ သူတို့ လုပ်ဆောင်မှု မှားသွားကြောင်း၊ ဒိကိစ္စအတွက် သူတို့ တာဝန်ယူကြောင်း၊ လူထု ရှင်းလင်းမှုကိုပါ သူတို့ ပြုလုပ်သွားမယ် ဆိုပြီး တောင်းပန်တော့ အဲဒီလိုနဲ့ ကျေအေးခဲ့တာပါ” ဟု KSPP ဒုဥက္ကဌ၊ ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒူဝါ ကွမ်ဂေါင် အောင်ခမ်း က ကချင်သတင်းဌာန KNG ကို ပြောသည်။

ရွေးကောက်ပွဲကော်မရှင်ရုံးသို့ KSPP ၏ တိုင်ကြားချက်ပေါ် NLD ဒေသ လူကြီးများက စက်တင်ဘာ (၂၇)တွင် မချမ်းဘော့မြို့နယ် နှင့် စက်တင်ဘာ (၂၉)တွင် ပူတာအိုမြို့နယ် စသည့် နှစ်နေရာမှ ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် တောင်းပန်ခဲ့ကြောင်း KSPP မှ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် “KIO တောင်ပိုင်းတိုင်း ဌာနချုပ်ရုံး (ရှမ်းပြည်မြောက်ပိုင်း)” က စက်တင်ဘာ (၁၅) နေ့စွဲဖြင့် ထုတ်ပြန်ထားသည်ကို မြင်ရပါသည်။ ၎င်း တရားမ၀င် ထုတ်ပြန်ချက်ကို NLD က မိတ္တူ ဒါဇင်ပေါင်းများစွာ ကူးယူပြီး အထူးသဖြင့် မချမ်းဘော့မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)တွင် ဒေသခံများကိုသာမက KSPP ဒေသ လူကြီးများကိုပါ ဖြန့်ဝေခဲ့သည်ဟု ဆိုသည်။

“NLD မဲ အောင်နိုင်ရေးစည်းရုံးသူတွေက အဲဒီ KIO တောင်ပိုင်းတိုင်းမှ ထုတ်ပြန်တဲ့ စာကို စာအိပ်ထဲထည့်ပြီး လိုင်ဇာ (KIO ဗဟိုဌာနချုပ်) လက်ဆောင် ဆိုပြီး မိမိတို့ KSPP ပါတီ လူကြီးတွေကိုပါ လာပေးကြတယ်၊ စာအိပ်ဖွင့်ကြည့်တော့ ဘာလက်ဆောင်မှ မပါဘူး၊ ပြန်မေးတော့ လက်ဆောင် နောက်မှပေးမယ်လို့ လိမ်ညာ ပြန်တယ်” ဟု အမည် မဖော်လိုသူ မချမ်းဘော့မြို့နယ် KSPP မဲ အောင်နိုင်ရေးစည်းရုံးရေးမှုး တစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောသည်။

ယင်း ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး KIO ဗဟိုဌာနချုပ် က ၎င်းတို့ မသိကြောင်း၊ မမြင်ကြောင်း ငြင်းဆိုသည်။

“ကျွန်တော်တို့က အဲဒီစာကို မြင်လည်း မမြင်၊ သိလည်း မသိသေးဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျွန်တော်တို့ KIO က ဘာမှ ပါ၀င်ပတ်သက်မှု မလုပ်ပါဘူး။ ပြည်သူတွေက သူတို့နယ်မြေ ဒေသတွေမှာ သူတို့ယုံကြည်တဲ့ ပါတီတွေကို မဲ ပေးဖို့က သူတို့ တာ၀န်ပဲ ဖြစ်တယ်။ ကျွန်တော်တို့ဖက်က မဲ ဒီမှာ ထည့်ပါ ဟိုမှာထည့်ပါ ဆိုပြီး ညွှန်ကြားတာ ဘာမှ မရှိဘူး” ဟု လိုင်ဇာ ဗဟိုဌာနချုပ် KIO သတင်းနှင့်ပြန်ကြားရေးဌာန တာ၀န်ခံ ဗိုလ်မှူးကြီး အင်ဖန် နော်ဘူ ကချင်သတင်းဌာန KNG ကို ရှင်းလင်းပြောဆိုသည်။

မချမ်းဘော့မြို့နယ် မဲဆန္ဒရှင်များကြား ကချင်ပေါင်းစည်းပါတီဖြစ်သော KSPP ပါတီကို ယုံကြည် ထောက်ခံမှု များလာချိန် NLD က “KIO နာမည် နှင့် ထုတ်ပြန်စာ” ကို အသုံးချပြီး မဲ အောင်နိုင်ရေးအတွက် လူထုစည်းရုံးခြင်းသာဖြစ်သည်ဟု KSPP ပါတီ ဒုဥက္ကဌ ဒူဝါ အောင်ခမ်း ပြောသည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...