မံစီမြို့နယ် နမ်လင်းပါ (Nam Lim Pa) ဒေသခံများနေရပ်ပြန်ရေး တပ်မတော်က ခွင့်မပြုသဖြင့် မပြန်နိုင်သေး

မံစီမြို့နယ် နမ်လင်းပါ (Nam Lim Pa) ဒေသခံများနေရပ်ပြန်ရေး တပ်မတော်က ခွင့်မပြုသဖြင့် မပြန်နိုင်သေး

ဗန်းမော်ခရိုင် မံစီမြို့နယ်ရှိ နမ်လင်းပါ (Nam Lim Pa) ကျေးရွာနေရပ်ပြန်နိုင်ရေးအတွက်ကြိုးပမ်းရာတွင် နယ်မြေခံ မြန်မာ့တပ်မတော်၏ ခွင့်ပြုချက်မရသောကြောင့် ယခုတိုင်စစ်ပြေးဒုက္ခသည်စခန်းတွင်ခိုလှုံနေရဆဲဖြစ်သည်ဟု ဆိုသည်။

နမ်လင်းပါစစ်ရှောင်များသည် ဗန်းမော်မြို့ရောဘတ်စစ်ရှောင်စခန်းတွင် အများဆုံးနေထိုင်ကြပြီး ၎င်းတို့အနေဖြင့် နေရပ်ပြန်ရေးအတွက်၂၀၁၇မှစကာ သက်ဆိုင်ရာဌာနများသို့ စာတင်ပြခဲ့ကြပြီးသက်ဆိုင်ရာဌာနများမှ နေရပ်ပြန်လည်နေထိုင်ရန် သဘောတူခဲ့ကြသော်လည်း နယ်မြေခံစစ်တပ်၏ ခွင့်ပြုချက်မရရှိသည့်အတွက် ယနေ့ထိရွာတွင်းဝင်ရောက်ခွင့်ပင် မရှိကြောင်း ရောဘတ်စစ်ရှောင်စခန်းမှ နမ်လင်းပါဒေသခံ ဆရာအင်ဒေါင်တန်ဂွန်း က ပြောသည်။

“ကျနော်တို့ ရွာပြန်ဖို့ နေပြည်တော်၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့်အဆင့်စာထည့်တယ်။ အဲဒါကိုအုပ်ချုပ်ရေးပိုင်းက ပြန်ဖို့ ခွင့်ပြုတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရွာမှာသွားပြီးလေ့လာတယ်။ အဲချိန်မှာရွာကနယ်ခံတပ်တွေနဲ့ညှိနှိုင်းတယ်။ ဘယ်ချိန်ပြန်ခဲ့မယ်၊ ဘာဆက်လုပ်မယ်ဆိုတာကို ညှိနှိုင်းတယ်။ ညှိနှိုင်းလို့အဆင်ပြေလာသလိုဘဲ ရှိသေးတယ်။ အဲစခန်းကပြောင်းသွားတယ် နောက်ပြောင်းလာတဲ့နယ်ခံတပ်ကို ပြောင်းသွားတဲ့စခန်းက ဘာမှမပြောပြထားဘူးလားမသိ။ စာတစ်ခါပြန်ထည့်ခိုင်းပြန်ပြီ။ ကျနော်တို့လည်း စာပြန်ထည့်တယ်။ ပြေလည်ခါနီးလာပြီဆိုရင် နောက်တစ်ခါ အဲစခန်းကလူတွေပြန်ပြောင်းသွားပြီ။ အဲလိုနဲ့ဘဲ ညှိလိုက် ပြန်ပြောင်းသွားလိုက်နဲ့ နောက်ဆုံးတော့ နေရပ်ပြန်ဖို့မပြောနဲ့ ရွာထဲဝင်ခွင့်တောင်မရှိဘူး။” ဟု ဆရာအင်ဒေါင်တန်ဂွန်းက ဆိုသည်။

အိမ်ခြေပေါင်း ၃၀၀ ကျော်ရှိသည့် နမ့်လင်းပါကျေးရွာသည် ၂၀၁၁ ခုနှစ် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သည်မှာ ၉နှစ်ခန့်ရှိနေပြီဖြစ်သည်။

ပြည်ထောင်စုအစိုးရမှ စစ်ရှောင်စခန်းပိတ်သိမ်းရေးစီမံချက်ဖြင့် နေရပ်ပြန်ရေးလုပ်ဆောင်နေပြီဖြစ်သော်လည်း နမ့်လင်းပါဒေသခံများမှာ နေရပ်ပြန်ရန် စာတင်ပြခဲ့သော်လည်း ယခုချိန်ထိ မဖြစ်နိုင်သေးပါ။

“အခုမြန်မာနိုင်ငံရဲ့အခြေနေအရ အစိုးရနှစ်ဖက်ဖြစ်နေတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ အုပ်ချုပ်တဲ့အစိုးရက ပြန်ခွင့်ပြုနိုင်ပေမယ့် စစ်တပ်က ပြန်ခွင့်မပြုနိုင်တဲ့အနေထား အများကြီးရှိနေတယ်။ ကျနော်တိုနဲ့သိပ်မဝေးတဲ့ မုန်ဒိန်ပါတောင် ပြန်လို့ရနေပြီ ကျနော်တို့နမ့်လင်းပါကျတော့ သီးသန့်ကြီးလိုဖြစ်နေတယ်။” ဟု ဆရာအင်ဒေါင်တန်ဂွန်းက ဆက်ပြောသည်။

နေရပ်ပြန်ရေးအတွက် စီစစ်မှုများပြုလုပ်ရာတွင် မြို့နယ်အလိုက်နေရပ်ပြန်ကော်မတီရှိသောကြောင့် အဆိုပါအဖွဲ့များ၏စိစစ်မှုပြီးနောက် ခရိုင်၊ ပြည်နယ်အထိတင်ပြပြီး ဆောင်ရွက်သွားရန်ရှိသည်ဟု မံစီမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

နမ်လင်းပါကျေးရွာမှ အိမ်ခြေ ၆၄ စုသည် လွန်ခဲ့သည့် မတ်လတွင် တဖန်စာတင်ထားသည့်အတွက် အဆိုပါစာကို လက်ရှိ နယ်လုံဝန်ကြီးအသစ်ထံစာဖြင့် ထပ်မံနှိုးဆော်ပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။

“ဒါကိုမရသေးတဲ့အကြောင်း ကျနော်တို့အထက်ကို ပြန်တင်ပြရမယ်။ လုံနယ်ဝန်ကြီးကနေတစ်ဆင့်မှဘဲ မပခ ဆီကို တောင်းဆိုလို့ရမယ်။ ကျနော်တို့အနေနဲ့တော့ တောင်းဆိုလို့မရပါဘူး။ အဲကြောင့် လက်ရှိကလည်း နယ်လုံဝန်ကြီးက  အသစ်ဖြစ်နေပြီဆိုတော့ ပြန်ပြီးနှိုးဆော်ရမယ်။ မပခ သဘောထားရအောင် တောင်းဆိုသွားဖို့ ရှိပါတယ်။” ဟု ဦးဇော်ဇော် က ဆိုသည်။



လက်ရှိ ကချင်ပြည်နယ်တွင် စစ်ပြေးဒုက္ခသည်များ ပြန်လည်နေရာချထားရေးအတွက် တရုတ်နိုင်ငံမှ ယွမ် ၄ သန်း ထောက်ပံ့ပေးထားပြီး၊

ယင်း ယွမ် သန်း(၂၀၀)မှ ယွမ် ၄သန်းအား ကချင်ပြည်နယ်အစိုးရထံ သြဂုတ်လ ၂၁ရက်နေ့တွင် ပေးအပ်ခဲ့ပြီး ယင်းစီမံကိန်းအား အကောင်ထည်ဖော်နေပြီဖြစ်သည်။

ကချင်ပြည်နယ်တွင် စစ်ရှောင်စခန်းပေါင်း ၈၅ ခုရှိနေပြီး၊လူဦးရေအားဖြင့် ၁သိန်းဝန်းကျင်ရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

Most read this week

January 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈...
January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...