တောင်ငူခရိုင်ရှိ ကေအဲန်ယူထိန်းချုပ်နယ်မြေတွင် ရွေးကောက်ပွဲကျင်းပခွင့် ပြုမည်မဟုတ်ကြောင်း တောင်ငူခရိုင် ကေအဲန်ယူ ဥက္ကဌ ပဒိုအယ်ဝါးက ပြောသည်။
“ကိုယ့်ထိန်းချုပ်နယ် မြေမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတာကတော့ အုပ်ချုပ်ရေးချဲ့ထွင်မဲ့သဘော ဆောင်တာပေါ့။ တောင်ငူခရိုင် ကေအဲန်ယူရဲ့ ထိန်းချုပ်နယ်မြေမှာ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် ခွင့်ပြုဖို့ မရှိသေးပါဘူး" ဟု ၎င်းက ပြောသည်။
သို့သော် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ ၂ ထိန်းချုပ်နယ်မြေများရှိနေသည့် တောင်ငူခရိုင် သံတောင်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပပြု လုပ်ရန်စီစဉ်ထားပြီး ကျေးရွာ အုပ်စု ၇၈ အုပ်စုအနက် ကျေးရွာအုပ်စု ၇၀ ၌ ရွေးကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ယင်းဒေသတွင် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲက ကျေးရွာအုပ်စု ၆၉ အုပ်စု၌ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
“ကျေးရွာအုပ်စု ၇၀ မှာလုပ်ဖြစ် မယ်။အုပ်စု ရှစ် စုမှာ မလုပ်ဖြစ်ဘူး" ဟုသံတောင်ကြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ စောကားရှယ်က ပြောသည်။
သံတောင်ကြီးမြို့နယ်ရှိ ကေအဲန်ယူထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဆိုပါက သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်သော်လည်း ယနေ့အချိန်အထိ လာရောက်ညှိနှိုင်းခြင်းသေးမရှိကြောင်း တောင်ငူခရိုင် ကေအဲန်ယူ ဥက္ကဌ ပဒိုအယ်ဝါးက ပြောသည်။
"လောလောဆယ် ရွေးကောက်ပွဲ ကိစ္စ လာရောက် ပြောဆို ညှိနှိုင်းတာ မရှိသေးဘူး” ဟု ၎င်းကပြောသည်။
ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲရုံနေရာများကို အခြေပြုကာ သံတောင်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲကို ပြုလုပ်သွားရန် စီစဉ်ထားခြင်းဖြစ်ပြီး ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကန့်ကွက်မှုများရှိပါက မြို့နယ် ကော်မရှင်မှ သွားရောက်ညှိနှိုင်းသွားမည်ဖြစ်ကာ အဆင်မပြေပါက မဲရုံရွှေ့ပြောင်းပေးရမည့် အခြေအနေများလည်းရှိနိုင် ကြောင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ စောကားရှယ်က ပြောသည်။
ပြီဂခဲ့ သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ကရင်ပြည်နယ် မြို့နယ် ခုနစ် မြို့နယ်ရှိ ကျေးရွာအုပ်စု ၉၄ အုပ်စု၌ ကျင်းပနိုင်ခဲ့ခြင်း မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ မှတ်တမ်းများအရ သိရသည်။







